ကျုံပျော်၊ ၁၆ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်းကာ “လှုပ်လှုပ်ရှားရှား လူထုအားကစား” Facebook Page/Group တွင် Physical Fitness Dance ပြိုင်ပွဲဝင်များနှင့် နည်းပြဆရာများအတွက် အားကစားဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်းကို မြို့နယ် မိုးလုံလေလုံအားကစားရုံကြီးအတွင်း၌ ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်စိန်က ပြိုင်ပွဲဝင် အားကစားသမားများ နည်းစနစ်ကျနစွာ ပိုမိုကြိုးစားကြရန်အမှာစကား ပြောကြားသည်။
ထို့နောက် လှုပ်လှုပ်ရှားရှား လူထုအားကစား ပွဲစဉ် အမှတ် (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား(၄၀) ဦးနှင့် နည်းပြဆရာများအတွက် Fitness Dance ဝတ်စုံများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယခုလက်ရှိတွင် Physical Fitness Dance ပြိုင်ပွဲ ပွဲစဉ်အမှတ် (၄) အတွက် လေ့ကျင့်မှုများ ဆောင်ရွက်လျှက်ရှိပြီး စိတ်ပါဝင်စားသည့် အားကစားသမားများ တက်တက်ကြွကြွ ပါဝင်လာအောင် ဆောင်ရွက်လျှက်ရှိ ကြောင်း၊ မြို့နယ်အတွင်း Fitness Dance (Online) ပြိုင်ပွဲကိုလည်း ကျင်းပသွားရန် ရှိကြောင်း၊ ယခု အသစ်ထပ်မံဝင်ရောက်လာသည့် အားကစားသမားများကိုလည်း ဝတ်စုံများဆက်လက်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးမိုးကျော်ကျော်ထံမှ သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


