ကျောက်ဖြူ၊ ၁၆ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ဩဂုတ် ၂၂ ရက်မှ ရပ်နားထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်၍ တစ်ပတ်လျှင် သုံးရက်စီ ပြန်လည်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် မြန်မာ့လေကြောင်း မန်နေဂျာထံမှ သိရသည်။
ထိုသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ရာ လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များ အနေဖြင့် တစ်ရက်ကြိုတင်၍ အဆိုပါလေယာဉ်ကွင်းတွင် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား စစ်ဆေးပေးသွားမည်ဖြစ်သည်။ စစ်ဆေးရာတွင်လည်း ၁၅ မိနစ်အတွင်း အဖြေသိရှိနိုင်သည့် Standard Q စနစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး လူတစ်ဦးလျှင် တစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပြသည်။
ကျောက်ဖြူမြို့နယ်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များအဖြစ် မြန်မာ့လေကြောင်းမှ အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ကျောက်ဖြူမှ ရန်ကုန်၊ စစ်တွေ၊ သံတွဲမြို့များသို့ တစ်ပတ်လျှင် သုံးရက်စီ ပြေးဆွဲမည် ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး


