၁၆ ဒီဇင်ဘာ
ပြင်သစ်- ဩစတြီးယား ဆေးကုမ္ပဏီ Valneva ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား ဗြိတိန်နိုင်ငံတွင် စတင်စမ်းသပ်မှု ပြုလုပ်မယ်လို့ ဆေးကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဗြိတိန်အစိုးရက ကာကွယ်ဆေး သန်း ၆၀ ဝယ်ယူဖို့ သဘောတူထားကြောင်း သိရပါတယ်။
ဆေးကုမ္ပဏီရဲ့ စမ်းသပ်မှု အဆင့် ၁ နဲ့ ၂ အတွက် ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူ ၁၅၀ အား ဆေးရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ ဆေးကနေ ရရှိလာမယ့် ကိုယ်ခံအားကောင်းမှုတွေကို စမ်းသပ်ရန် ထိုးဆေးသုံးမျိုးနဲ့ စမ်းသပ်မယ်လို့ ပြောပါတယ်။
အဲဒီစမ်းသပ်မှုကို ဗြိတိန်ရဲ့ ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့အစည်း NHS က ကူညီပေးသွားမှာဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ နေရာတချို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Valneva ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ လာမယ့်နှစ် ဒုတိယ သုံးလပတ်မှာ အသုံးပြုနိုင်တာမျိုးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဆောင်းဦးမှှာ တရားဝင် အသုံးပြုလာနိုင်အောင် ရည်မှန်းထားပါတယ်။
ဗြိတိန်နိုင်ငံက ဆေးအလုံးရေ သန်း ၆၀ အပြင် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း နောက်ထပ် ကာကွယ်ဆေး သန်း ၁၃၀ ကို ထပ်မံဝယ်ဖို့ ရှိနေပါတယ်။ ဆေးတွေရဲ့ တန်ဖိုးဟာ စတာလင်ပေါင် ၁.၂ ဘီလီယံဖိုးအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
Valneva မှ ထုတ်လုပ်မယ့် ကာကွယ်ဆေးဟာ ကူးစက်ခံထားရတဲ့ လူနာရဲ့ အတွင်းရှိ ရောဂါပိုးအား အားမရှိအောင် လုပ်ဆောင်ပြီး လူနာရဲ့ ကိုယ်ခံအား ကောင်းလာအောင် လုပ်ဆောင်မယ့်နည်း ဖြစ်ပါတယ်။ တချိန်တည်းမှာ ကျန်းမာရေးကို မထိခိုက်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဂျပန်ဉီးနှောက် အမြှေးရောင် ကာကွယ်ဆေး နည်းလမ်းမျိုးကို အသုံးပြီး ထုတ်လုပ်မှာလို့ သိရပါတယ်။
ပြင်သစ်နိုင်ငံ အနောက်ပိုင်း နန်တီးစ်မှာ အခြေစိုက်ထားတဲ့ Valneva ဆေးကုမ္ပဏီဟာ လုပ်သားပေါင်း ၅၀၀ နဲ့ လည်ပတ်နေပြီး ဂျပန်ဉီးနှောက် အမြှေးယောင်ရောဂါနဲ့ ဝမ်းလျော့ဝမ်းပျက်အတွက် ထုတ်ထားတဲ့ ဆေးတွေဟာ ဈေးကွက်အတွင်းမှာ သုံးစွဲနေပြီ ဖြစ်ပါတယ်။
ဆေးကုမ္ပဏီဟာ ပဲရစ်စတော့ဈေးကွက်မှာ ရှိနေပြီးဖြစ်ရာ လာမယ့်နှစ်မှာ နယူးယောက် ဈေးကွက်အတွက် ဝင်ရောက်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP
