နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဝန်ကြီးဌာန(၁၁)ခုမှ ကော်မတီဝင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီ၏ အဓိကတာဝန်များအဖြစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည် စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်မှုများအား ကြီးကြပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကြီးကြပ်မှုကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများ ရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက် ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ လိုအပ်သည့် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပြည့်စုံပါဝင်လျက် စုပေါင်းအားဖြင့် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်မှန်း၍ အမယ်စုံ လယ်ယာ၊ သားငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ တိုးပွားရရှိစေရေး၊ နည်းပညာ ပြန့်ပွားရေးနှင့် ဈေးကွက်ချိတ်ဆက်ရေး ကိစ္စရပ်များ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ၊ ကျေးလက်ပြည်သူများ စွမ်းဆောင်ရည် မြင့်မားရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ကော်မတီဝင်များ အနေဖြင့် မူဝါဒပိုင်းဆိုင်ရာများနှင့် စီမံကိန်းရေးဆွဲရေး အပိုင်းများတွင် အကြံဉာဏ်များပေးခြင်း၊ ရန်ပုံငွေ လျာထားမှုနှင့် အကောင်အထည်ဖော်မှု အပိုင်းများတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်းလုပ်ငန်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရပ်ရွာအခြေပြု၊ ပြည်သူဗဟိုပြု ဆောင်ရွက်ရသည့်အပြင် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် နယ်ပယ်စုံ၊ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် အလွန်ကျယ်ပြန့် နက်ရှိုင်းပါကြောင်း၊ သို့ပါ၍ ကော်မတီဝင် သက်ဆိုင်ရာ ဌာနများ၊ ပညာရှင်များ၏ အကြံဉာဏ်များနှင့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ ထိရောက်အောင်မြင်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများတွင် ပါဝင်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍ၊ စီမံကိန်းရေးဆွဲရေးနှင့် ပြည်တွင်းပြည်ပ အထောက်အပံ့အကူအညီ ရရှိရေးကိစ္စရပ်များ၊ မြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများနှင့် စျေးကွက်ချိတ်ဆက်ရေး ကဏ္ဍများ၌ ကော်မတီဝင် သက်ဆိုင်ရာဌာနများနှင့် နှီးနွယ်ချိတ်ဆက်ရသည့် အပိုင်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများသည် ကဏ္ဍပေါင်းစုံ ချိတ်ဆက် ဆောင်ရွက်ရသည့်အတွက် အားလုံးပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်းများ၊ ကော်မတီဝင် သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရုံးများသို့လည်း ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရန် ထပ်ဆင့်လမ်းညွှန် မှာကြားပေးရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ရန်ပုံငွေများ ပိုမိုခွဲဝေရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ်ရမည့် ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့် “ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်လူမှုစီးပွား ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျေးလက်ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်စေရေးနှင့် ဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန်ကာကွယ်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အားပေးမြှင့်တင်ရေး၊ ကျေးလက်ပြည်သူဘများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု ကာကွယ်ရေး” တို့ကို ထိရောက်အောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုခိုင်မာ အားကောင်းလာစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ က (၁.၆.၂၀၂၀)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀/၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှီးနွယ်ဆက်စပ်သည့် ဝန်ကြီးဌာန(၁၁)ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်၍ စုစုပေါင်း ကော်မတီဝင် (၂၂)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
သတင်းစဉ်


