တောင်ကြီး၊ ၁၆ ဒီဇင်ဘာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိ တောင်သူဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်းသို့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက သွားရောက် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “ရှမ်းပြည်နယ်သည် ဟင်းသီးဟင်းရွက် သစ်သီးဝလံ အမျိုးအမည်စုံလင်စွာ စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်ကြီးတစ်ခုဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများသည် ရှမ်းပြည်နယ်မှ ထွက်ရှိသော သီးနှံများကိုစားသုံးရပြီး ပြည်သူတစ်ရပ်လုံး၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသည့် ပြည်နယ်လည်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်လာခဲ့သည်မှာ (၄)နှစ်တာကာလအတွင်း သီးနှံပေါင်း(၂၀)မျိုးကို အသိအမှတ်ပြုလက်မှတ်များရရှိအောင် ပညာပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်းကို ပညာပေးလုပ်ငန်းများမှတစ်ဆင့် ယခုအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သော GAP အထူးဇုန်ကြီးများ ဖော်ဆောင်စိုက်ပျိုး ထုတ်လုပ်သွားရန် လိုအပ်သဖြင့် လက်ဖက်၊ နာနတ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ မက္ကဒေးမီးယား စသည့် သီးနှံများကို ဧကထောင်ချီစိုက်ပျိုးသော GAP အထူးဇုန်ကြီးများအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် ယခုနှစ်ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူဧက (၁၀၀၀၅)ဧက စိုက်ပျိုးရန် လျာထားသည့်အနက် လားရှိုးမြို့နယ်တွင် (၁၅၉၅)ဧက စိုက်ပျိုးသွားမည်ဟုသိရပြီး ယခင်နှစ်ကလည်း သိန်းနီမြို့နယ်တွင် ကြက်သွန်ဖြူဧက(၂၀၀) GAP စနစ်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယနေ့ တက်ရောက်လာသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ပြီး ထုတ်လုပ်သူစားသုံးသူများအားလုံး ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ကြသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ လားရှိုးမြို့နယ် ကြက်သွန်ဖြူ GAP စိုက်ပျိုးတောင်သူများအား သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူဦးစိုင်းထွန်းလှိုင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ မန်းပွဲလုံကျေးရွာအုပ်စု၊ မန်းပွဲကျေးရွာတောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ GAP စိုက်ခင်းတွင် ရေစုဆောင်းထားခြင်းနှင့် ရေချွေတာသုံးစွဲမှု (Water Management) ဆောင်ရွက်ထားရှိမှုနှင့် ကွင်းသရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက် ၁၁ နာရီ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် မန်ဆန်ရေကျဘုန်းတော်ကြီးကျောင်း၊ သဉ္ဇဝတီဆောင်သို့ရောက်ရှိကာ မန်ဆန်ရေကျ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မန်ဆန်ရေကျ ကျေးရွာရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဆောင်ရွက်ပေးရန်နှင့် အစိုးရအဖွဲ့၏ သက်တမ်း(၃)လ ကျန်နေသေးသည့်အချိန်အတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အစိုးရအဖွဲ့မှ တက်ညီလက်ညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ဒေသခံပြည်သူတစ်ဦးမှ မန်ဆန်ရေကျကျေးရွာတွင် ဝန်ထမ်းများသဖြင့် အငြိမ်းစားပင်စင်ယူသည့်အခါ နေထိုင်ရန်အတွက် ရွာမြေများ သတ်မှတ်ပေးရန် ရွာအဝင်လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန် တင်ပြရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားကြကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တောင်းဆိုချက်များဖြစ်သည့် လမ်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ မြေကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် မန်းပွဲကျေးရွာအုပ်စု ရှဲန်ခိုက်ဘုရားကျောင်းသို့ ရောက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ (၂၅၇)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က “လားရှိုးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၇၅)အုပ်စု၊ ကွင်းပေါင်း (၂၉၈)ကွင်း၊ တောင်သူပေါင်း (၁၀၁၆၁)ဦး၊ ဦးပိုင်ပေါင်း (၁၂၈၇၀)နှင့် ဧရိယာပေါင်း (၄၂၁၁၆)ဧကကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးရန် လျာထားလျက်ရှိရာ ယနေ့အချိန်ထိ တောင်သူပေါင်း (၉၉၆၆)ဦး၊ ဦးပိုင်ပေါင်း (၁၂၅၇၉)နှင့် ဧရိယာပေါင်း (၃၉၁၀၀)ဧက ထုတ်ပေးပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမြို့နယ်ရှိ မန်းပွဲကျေးရွာအုပ်စု၊ အိမ်ခြေ(၅၅၁)ခု၊ အိမ်ထောင်စု (၅၁၅)စု၊ လူဦးရေ (၂၉၅၂)ဦးမှ တောင်သူပေါင်း (၂၅၇)ဦး၊ ဦးပိုင်ပေါင်း (၃၉၂)ခုကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ (၂၅၇)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ကြကြောင်းနှင့် ဒေသခံပြည်သူ ဦးထွန်းဆာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)


