နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun ဦးဆောင်သောအဖွဲ့နှင့် ရန်ကုန်မြို့၊ အမေရိကန်နိုင်ငံသံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Gwendolyn J.Cardno ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် UNHCR အဖွဲ့အစည်းနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခြင်း ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် UNHCR အဖွဲ့အစည်းနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ တာဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ထိခိုက်လွယ်အုပ်စုများကို ဦးတည်၍ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ဘေးအန္တရာယ်လျော့ပါးရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှု မြင့်မားလာရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဝန်ကြီးဌာနက ရှေ့ဆက်လုပ်ဆောင်မည့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် UNHCR အဖွဲ့အစည်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံသံရုံး၏ သံရုံးယာယီတာဝန်ခံနှင့် ZOOM Metting ဖြင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာအား ရေးဆွဲအတည်ပြုခဲ့ပြီးနောက် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကို မဟာဗျူဟာနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ကာလတွင် နေရပ်စွန့်ခွာရသူများနှင့် တိုက်ပွဲရှောင်ပြည်သူများအပါအဝင် ထိလိုက်လွယ်အုပ်စုများကို ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများနှင့် ငွေကြေးထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာလကန့်သတ်မှုများနှင့်အညီ လူသားချင်းစာနာမှုလုပ်ငန်များ ဆက်လက်ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များ အရေးကိစ္စနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များ ထိခိုက်မှုမရှိစေရေး ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကိုလည်း မြန်မာနိုင်ငံက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အတည်ပြုပါဝင်ခဲ့ရာ အဆိုပါအခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ပြီးနောက် ကော်မတီအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မတော်က နုတ်ထွက်ခွင့်ပေးလိုက်သည့် အရွယ်မရောက်သေးသူများ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် လိုအပ်သောဝန်ဆောင်မှုများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနေမှုများ၊ လူကုန်ကူးခံရသူများနှင့်ပတ်သက်၍ ပြန်လည်ပို့ဆောင်ခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးနယ်ပယ်များတွင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အဆိုပါနယ်ပယ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အရေးပါသည့် အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (EOC) တိုးချဲ့ ဆောင်ရွက်ရေးတွင် အမေရိကန်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


