နေပြည်တော်၊ ၁၆ ဒီဇင်ဘာ

 

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အခက်အခဲဖြေရှင်းရေးခွဲခြမ်းစိတ်ဖြာမှု (Public Financial Management Debottlenecking Analysis) နှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုလမ်းပြမြေပုံ (Financial Management Roadmap-FMR) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် Virtual Event ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု အခက်အခဲ ဖြေရှင်းရေးခွဲခြမ်းစိတ်ဖြာမှုနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုလမ်းပြမြေပုံ ရေးဆွဲရာ၌ ပံ့ပိုးကူညီခဲ့ကြသော စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစီရင်ခံစာနှင့် ထောက်ခံအကြံပြုချက်များအတိုင်း ပညာရေးဝန်ကြီးဌာနက ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်မည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေများကို နှစ်စဉ်တိုးမြင့် ခွင့်ပြုပေးလျက်ရှိသဖြင့် ယုံကြည်မှုပိုမို အားကောင်းရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးအမြတ်များကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်သည် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြည်သူများသို့ ဝန်ဆောင်မှုပေးရာတွင် စွမ်းဆောင်ရည်မြင့်မားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ ရှိစေရေးအတွက် ပံ့ပိုးပေးပါကြောင်း။

 

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အခက်အခဲဖြေရှင်းရေးခွဲခြမ်းစိတ်ဖြာမှုနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲမှု လမ်းပြမြေပုံတို့သည် ပညာရေးပြုပြင်ပြောင်းလဲမှုခရီးစဉ်တွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဤသုံးသပ်ချက်တွင် ပညာရေးကဏ္ဍ၏ ဘဏ္ဍာငွေလည်ပတ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပိုမိုသိရှိနားလည်စေရန်နှင့် ထိုအခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဖော်ပြထားပါကြောင်း၊ အရည်အသွေးရှိသည့်လူတိုင်း အကျုံးဝင်ပညာရေးစီမံကိန်းတွင် ပါဝင်သည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံ တစ်ခုဖြစ်ပြီး သက်ဆိုင်ရာဦးစီးဌာနများနှင့် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့ဘဏ္ဍာကို ပွင်းလင်းမြင်သာစွာ၊ ထိရောက်အကျိုးရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကောင်းစွာအသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဤလမ်းပြမြေပုံကို အကောင်အထည်ဖော်ရာတွင် ပညာရေးဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့နှင့်  ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

 

ဆက်လက်၍ ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Ms. Mariam J.Sherman နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ Deputy Head of Cooperation ဖြစ်သူ Mrs. Kristina Bunde တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အစီအစဉ်အရ အစည်းအဝေးကို ဆက်လက်ကျင်းပသည်။

 

အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့ငွေစာရင်း ပူးတွဲကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်