ဂျကာတာ၊ ၁၆ ဒီဇင်ဘာ 

 

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတော်ရသုံးမှန်ခြေနှင့် ပတ်သက်၍ သုံးသတ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား အခမဲ့ထိုးနှံပေးရန် ဆုံးဖြတ်လိုက်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယနေ့ ပြောကြားသည်။

 

ပြည်သူများအား ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးရေးအတွက် အခြားကိစ္စများမှ အသုံးစရိတ်ကို ပြန်လည်ခွဲဝေသတ်မှတ်ရန် ဘဏ္ဍာရေးဝန်ကြီးကိုလည်း ညွှန်ကြားထားကြောင်း ဂျိုကိုဝီက ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ ဂျိုကိုဝီသည် ကာကွယ်ဆေးလုံခြုံမှုရှိကြောင်း ပြည်သူများအား ပြသသည့်အနေဖြင့် ကာကွယ်ဆေးကို ပထမဦးစွာ အထိုးခံရမည်ဖြစ်ကြောင်း သိရသည်။

 

သို့သော် နိုင်ငံတော်က မှာယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ ကုန်ကျစရိတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ နိုင်ငံတော်က မှာယူထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများတွင် တရုတ်နိုင်ငံ၏ Sinovac Biotech Ltd ကုမ္ပဏီ၊ အမေရိကန် Novavax ကုမ္ပဏီနှင့် ဗြိတိန်-ဆွီဒင် ပူးတွဲကုမ္ပဏီ ဖြစ်သည့် AstraZeneca Plc ကုမ္ပဏီတို့မှ တီထွင်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

 

တရုတ် Sinovac ကုမ္ပဏီမှ တင်သွင်းသည့် ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၂ သန်းသည် ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ရာ ယခုအခါ ဒေသဆိုင်ရာ ဆေးဝါးထိန်းသိမ်းရေးအဖွဲ့နေဖြင့် ကာကွယ်ဆေးထိုးနှံပေးမှု မစတင်မီ ချင့်ချိန်တွက်ချက်လျက်ရှိကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် လူဦးရေစတုတ္ထအများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ယခင်က ကာကွယ်ဆေးအလုံးရေ ၇၄ သန်းနီးပါး ဝယ်ယူရေးအစီအစဉ်တစ်ရပ်ကို ချမှတ်ခဲ့သည်။ သို့သော် ကာကွယ်ဆေး ကုန်ကျစရိတ်သည် အင်ဒိုနီးရှားပြည်သူများအတွက် အဓိကစိုးရိမ်စရာ ဖြစ်လာသည်။ လက်ရှိအချိန်၌ အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေသန်း ၂၇၀ ခန့်ရှိပြီး ယင်း၏ သုံးပုံလျှင် တစ်ပုံသာ ကာကွယ်ဆေးကို အခကြေးငွေပေးပြီး ထိုးနှံလိုကြောင်း ယခုနှစ်စက်တင်ဘာလက ပြုလုပ်သည့် အစိုးရ၏ လေ့လာချက်အရ သိရသည်။ 

 

ကိုးကား - ဗန်ကောက်ပို့စ်
ဘာသာပြန် - ဂျေတီ