နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ညနေပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun အား လက်ခံတွေ့ဆုံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ဓာတ်ခွဲမှု PCR Test Kit များအား လက်ခံသည်။
တွေ့ဆုံစဉ် Ms. Hai Kyung Jun က မိမိတို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် Cobas SARS-CoV2- PCR Test Kit များကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ယခုကဲ့သို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ကိုဗစ်-၁၉ ဓာတ်ခွဲမှုဆိုင်ရာ PCR Test Kit များ ပေးအပ်လှူဒါန်းခြင်းသည် ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု အတိုင်းအတာတစ်ခုအထိရရှိချိန်တွင် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ကာ လက်တွေ့မြေပြင် အခြေအနေမှန်များကို ကြည့်ရှုစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Ms. Hai Kyung Jun က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် Cobas SARS-CoV2- PCR Test Kit (၅၀,၀၀၀)ကို ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်


