ဆီ (ဟင်းချက်ဆီ) ဆိုတာက ဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ဟင်းတစ်ခုကို ချက်ပဲ ချက်ချက်၊ ကြော်ပဲ ကြော်ကြော်၊ အသုပ်ပဲ သုပ်သုပ် ဆီမပါရင် မရပါဘူး။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ငါးခြောက်လေး မီးကင်ပြီးရင်လည်း စားကောင်းအောင်ဆိုပြီး ဆီဆမ်းတယ်၊ လက်ဖက်လေး ထောင်းပြီးရင်လည်း ဆီလေးမြုပ်နေအောင် စိမ်ထား တတ်သေးတယ်နော်။ အကြောင်းကတော့ ဆီက ဟင်းလျာတွေရဲ့ အရသာကို တိုးစေလို့ပါ။
ဒီလို ဟင်းလျာတိုင်းရဲ့ အရေးပါတဲ့ ဇာတ်ဆောင် ဟင်းချက်ဆီလေးကို သိမ်းဆည်းတဲ့နည်း မှန်ရဲ့လား………..
ဟင်းချက်ဆီကို ဘယ်လို သိမ်းလေ့ရှိလဲ………….
ဟင်းချက်ဆီက ဟင်းလျာတွေကို အရသာတိုးစေသလို ဟင်းချက်ဆီက ထိန်းသိမ်းပုံ မမှန်တာကြောင့် ပျက်စီးသွားရင်လည်း ဟင်းလျာတွေရဲ့ အရသာကို ပျက်စီးစေပါတယ်။
ဟင်းချက်ဆီက ပျက်စီးတတ်လား………
ဟင်းချက်ဆီက သက်တမ်း ကြာတဲ့အခါ ပျက်စီးတတ်သလို ထားသိုပုံ မမှန်တဲ့အခါမျိုးမှာလည်း ပျက်စီးတတ်ပါတယ်။ ဆီဂျေးစော် နံတယ်ဆိုပြီး ပြောကြတယ်။ ဒါက ဟင်းချက်ဆီ ပျက်စီးတာပါ။
ဟင်းချက်ဆီလေး မပျက်စီးစေဖို့
ဟင်းချက်ဆီလေးကို မပျက်စီးစေဖို့ဆိုရင် နေရောင်နဲ့ မထိတွေ့တဲ့ နေရာမှာ ထားပါ – နေရောင်က ဆီကို ပျက်စီးစေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ခုပါ။ ဒါကြောင့် ဆီကို ပုလင်း အနောက် ဒါမှမဟုတ် ဗူး အနောက်ထဲကို ထည့်ထားပါ။ နောက်တစ်ချက်က ဆီပုလင်း၊ ဆီဗူးတွေကို နေရောင်နဲ့ တိုက်ရိုက် မထိတွေ့နိုင်တဲ့ ကြောင်အိမ်လို နေရာမှာထားပေးပါ။
မီးအပူနဲ့ ဝေးဝေးထားပါ – နောက်ထပ် ဖြစ်တတ်တာ တစ်ခုက ဟင်းချက်ဆီကို ချက်ပြုတ်တဲ့အခါ လွယ်ကူအောင်ဆိုပြီး မိးဖိုနားမှာ ထားတတ်တာပါ။ တကယ်က ဟင်းချက်ဆီကို မီးအပူနဲ့ နီးနီးမှာ ထားတာက ဟင်းချက်ဆီကို ပျက်စီးစေနိုင်ပါတယ်။
အေးမြတဲ့နေရာမှာထားပါ – ဆီကို အေးမြတဲ့နေရာမှာ ထားတာက အာဟာရတန်ဖိုး မပျက်စီးသလို အရသာလည်း ကောင်းစေပါတယ်။ ဒါကြောင့် ဆီကို အခန်းအပူချိန်မှာပဲ ထားမယ်ဆိုရင်တောင် အေးတဲ့နေရာမျိုးမှာ ထားပေးပါ။ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့လည်း ရပါတယ်။ နှမ်းဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီတွေကို ရေခဲသေတ္တာထဲမှာ သိမ်းတာ အကောင်းဆုံးပါ။
လေလုံအောင်ထားပါ – ပျော့သွားနိုင်တဲ့ အရာတွေကို လေလုံအောင် ထားတတ်ပေမယ့် ဆီကိုတော့ လေလုံအောင် ထားမိခဲကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဆီကိုလည်း သေချာ လေလုံအောင်ထားဖို့ လိုပါမယ်။
ကဲ… အနံ့အရသာ ပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းချက်ဆီလေး ဖြစ်စေဖို့ ဒီအချက်လေးတွေကို လိုက်နာကြည့်လိုက်နော်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon