မိတ္ထီလာ၊ ၁၇ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ရပ်ကွက်ကျေးရွာများတွင် သန္ဓေ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း သွားရောက်ပြီး မီးချိတ်၊ မီးကတ်၊ ရေ၊ သဲ၊ လှေကား၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာဆောင်ရွက်ထားမှု ရှိ မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတိပေး ကြေညာချက်များကို ရပ်ကွက်များအတွင်း၌ အသံချဲ့စက်ဖြင့် နေ့စဉ် လိုက်လံ ကြေညာလျက်ရှိသည်။
ထို့အပြင် စျေးမီးဘေးကာကွယ်ရေးအတွက် စျေးအတွင်း၌ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စျေးသူစျေးသားများကိုလည်း မီးသတ်ဆေးဘူး ကိုင်တွယ်သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေးကိုလည်း လိုက်လံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းအပြင် အကြိုအခြေခံမီးသတ်သင်တန်းများကိုလည်း ရပ်ကွက်ကျေးရွာများတွင် ဖွင့်လှစ်ဆောင်ရွက်သွားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပြန်လည်လေ့ကျင့် သင်ကြားပေးခြင်း၊ စိစစ်ခြင်းနှင့် တိုးချဲ့ဖွဲ့စည်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ပိတ်မိနေသော လူများအား ကယ်တင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်စုကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားပါက မီးလောင်မှုကို ငြှိမ်းသတ်သည့် မီးငြှိမ်းသတ်ရေးအဖွဲ့က မီးငြိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်သလို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကလည်း ပိတ်မိနေသောလူများကို ကယ်တင်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်စုမှ အဆင့်သင့်တစ်ပါးတည်း လိုက်ပါနိုင်ရန် နေ့စဉ် လေ့ကျင့်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၁၉ ခုနှစ်၌ မီးလောင်မှု ၂၂ ကြိမ် ရှိပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ မီးလောင်မှု ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


