ဘုတလင်၊ ၁၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ကံသာကျေးရွာတွင် ဂန္ဓမာ ပန်းပင်များကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကံသာကျေးရွာရှိ ပန်းစိုက်တောင်သူများထံမှ သိရသည်။

 

ဂန္ဓမာပန်း ပျိုးပင်များကို ပြင်ဦးလွင်မြို့မှ ဝယ်ယူကာ ဂန္ဓမာပန်းကို နွေပန်း၊ မိုးပန်း၊ ဆောင်းပန်း ဟူ၍ ရာသီအလိုက် စိုက်ပျိုးကြပြီး စိုက်ပြီး လေးလ၊ ငါးလနှင့် ခြောက်လကြာလျှင် ပန်းအမျိုးအစားအလိုက် ပန်းခူးရောင်းချရကြောင်း သိရသည်။

 

ကျွန်တော်တို့ဒေသမှာ အရင်ကတော့ ဒီလိုဂန္ဓမာပန်းတွေ စိုက်တဲ့ဓလေ့ မရှိခဲ့ဘူး။ ပြင်ဦးလွင်မြို့က သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ စမ်းသပ်စိုက်ပျိုးခဲ့ရာက အောင်မြင်လာခဲ့တာပါ။ ဂန္ဓမာပန်းမှာ တစ်ရိုးတစ်ပွင့်ထားတဲ့ ပန်းနဲ့ အခိုင်လိုက်ထားတဲ့ ခိုင်ပန်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကြွေဖြူ၊ လပ်ကီး၊ ကျောက်စိမ်း၊ ငုရွှေဝါစတဲ့ ဂန္ဓမာပန်းအမျိုးအစားတွေကို အဓိကထား စိုက်ပျိုးပါတယ်။ ပန်းစိုက်တာက ကိုယ့်မိသားစုရော အလုပ်သမားတွေရဲ့ စားဝတ်နေရေးကိုပါ အထောက်အကူ ဖြစ်လို့ နှစ်စဉ် စိုက်ပျိုးရောင်းချနေပါတယ်ဟု ကံသာကျေးရွာမှ ပန်းစိုက်တောင်သူ ဦးအောင်မြင့်သန်းက ပြောသည်။

 

ကံသာကျေးရွာတွင် ယခင်က ဂန္ဓမာပန်းကို ဆောင်းရာသီတွင် ပွင့်သည့် ဆောင်းပန်း တစ်မျိုးတည်းကိုသာ စိုက်ပျိုးခဲ့ရာမှ နောက်ပိုင်းတွင် ဆောင်းပန်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလာသည့်အတွက် နွေရာသီနှင့် မိုးရာသီတို့တွင် ပွင့်သည့် နွေပန်းနှင့် မိုးပန်းများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။        

 

ဖိုးခါး(ပြန်/ဆက်)