နေပြည်တော် ၁၇ ဒီဇင်ဘာ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေရိုင်းများမှ သစ်တောဖုံးလွှမ်းမှု အားကောင်းသော ဒေသများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတော်၏ သယံဇာတနှင့် ရာသီဥတု ထိန်းကျောင်းနိုင်ရေး ကိစ္စများအတွက် သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း သစ်တောနယ်မြေအဖြစ် သတ်မှတ်ရန် မသင့်တော်တော့သည့် ဒေသများတွင်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုအပ်ကြောင်း။
မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ရေးသည် အထူးအရေးပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရယူပြီး စိုက်ပျိုးလုပ်ကိုင်ရာတွင်လည်း ဖော်ထုတ်စိုက်ပျိုးမှု တည်ငြိမ်လာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)အား ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ စိုက်ပျိုးရေးလုပ်ကိုင် သူများအနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံမှုအပေါ် သားစဉ်မြေးဆက် ရေရှည်ပိုင်ဆိုင်ခွင့်များ ရရှိသွားမည်ဖြစ်ကြောင်းနှင့် မြေခွန်တော်များ ကြွေးကျန်မရှိစေရေး ကြိုးပမ်းကောက်ခံသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် သက်ဆိုင်ရာဌာနများမှ ဗဟိုကော်မတီဝင်များ စုံညီစွာပါဝင်တက်ရောက်ကြပြီး အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယခုအစိုးရကာလ သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အကြံပြုချက်အရ ရရှိထိုက်သော မြေခွန်တော်များ ကောက်ခံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်သော ခွင့်ပြုလုပ်ငန်းအလိုက် မြေခွန်ကင်းလွတ်ခွင့်ကာလနှင့် မြေခွန်နှုန်းထားတို့အတွက် သဘောထား ပြန်ကြားလာခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မြေခွန်ပေးသွင်းလာမှု အခြေအနေများကိစ္စ၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့မှ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအား ပြင်ဆင်ဖွဲ့စည်းပေးပါရန် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများ၏ တင်ပြချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ယခင်ဗဟိုအဖွဲ့မှ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားခြင်းအား ပယ်ဖျက်ပေးနိုင်ပါရန် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှ တင်ပြလာခြင်း၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း၊ ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်ဖွဲ့စည်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အထူးအဖွဲ့ အမည်စာရင်း အဆိုပြုတင်ပြလာသည့် ကိစ္စရပ်နှင့်ပတ်သက်၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ပုဒ်မ ၁၂ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၂ နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


