သရက်ချောင်း၊ ၁၇ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးဆောင်မှုဖြင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ ပူးပေါင်းပြီး သရက်ချောင်းမြို့နယ် ပြင်းဖြူကြီး ကျေးရွာအုပ်စု၊ ပိတိုင်ကျေးရွာ လှေဆိပ်တွင် ဒီရေတော ကဏန်းဘေးမဲ့ဇုန် (၁၁၅)ဧက အတွင်းသို့ ကဏန်း မျိုးစိုက်ထည့်ခြင်းနှင့် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင်ဦးစီးမှူး ဦးစိုးမြင့်သိန်း၊ သရက်ချောင်းမြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမြင့်၊ သရက်ချောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် မြို့နယ်အဆင့် အရာရှိများ၊ WCSအဖွဲ့၊ DRAအဖွဲ့၊ TCAအဖွဲ့၊ ပြင်းဖြူကြီးနှင့် လဘကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကဏန်းဒိုင်လုပ်ငန်းရှင်များ၊ ကဏန်းဘေးမဲ့ဇုန်ထိန်းသိမ်းရေး ကော်မီတီဝင်များ စုစုပေါင်း အင်အား ၃၀ တက်ရောက်ကြသည်။
မျိုးစိုက်ထည့်သည့် ကဏန်းများကို ကမြိုင်၊ ပြင်းဖြူကြီး၊ ပိတိုင်၊ ဆင်ကျန်းကျေးရွာများနှင့် ထားဝယ်မြို့ ကဏန်းဒိုင်လုပ်ငန်းရှင်များမှ ပေးပို့လာသော ကဏန်းကောင်ရေ (၃၀၁၅)ကောင်၊ ပိဿာချိန်(၁၀၀)ခန့်၊ တန်ဖိုးငွေ (၈၀၀၀၀၀)ကျပ် ရှစ်သိန်းဖိုးခန့်အား ဒီရေတောကဏန်းဘေးမဲ့ဇုံ အတွင်းသို့မျိုးစိုက်ခဲ့ပြီး ပိတိုင်ကျေးရွာလှေဆိပ်၊ ပြင်းဖြူကြီးကျေးရွာ လှေဆိပ်တို့နှင့် ဒီရေတော ကဏန်းဘေးမဲ့ဇုန် (၁၁၅)ဧကတို့တွင် မြေစိုက်ပိုစတာဆိုင်းဘုတ်များနှင့် သတိပေးတားမြစ်ခြင်း ပိုစတာများကိုစိုက်ထူခဲ့သည်။
အဆိုပါ ဒီရေတော ကဏန်းဘေးမဲ့ဇုန်အား (၁.၃.၂၀၁၀) ခုနှစ်မှ စတင်ခွင့်ပြုခဲ့သည့် မျိးသုန်းခြင်းမှ ကြိုတင် ကာကွယ် ထိန်းသိမ်းနိုင်စေရန်၊ ရေရှည်စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရန်နှင့် ပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒီရေတော ကဏန်းမျိုးစိုက်ထည့်ခြင်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MDN


