နေပြည်တော် ၁၇ ဒီဇင်ဘာ

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှ လွတ်မြောက်ထွက်ပြေးသည့် ဆင်သားအမိနှင့် အရိုင်းဆင်(ကြာဖြူ)တို့နှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်တွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှ ဖြေရှင်းချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လွတ်မြောက်ထွက်ပြေးခဲ့သည့် ဆင်သုံးကောင်သည် ဒီဇင်ဘာ ၁၆ ရက်တွင် “ဆင်သွားရမည့် လမ်းကြောင်းလေ့ကျင့်ရန်” အတွက် ဆင်ကျုံးသွင်းမည့် နေရာသို့ သွားရောက်စဉ် အခြားတိရစ္ဆာန်ငယ်များ၏ အော်ဟစ်သံကို ကြားမိ၍ ဆင်များမှ ကြောက်လန့်တကြား ထွက်ပြေးကြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ဆင်စခန်းမှ ဆင်မှိန်းသင်ကြားရန်အတွက် အရွယ်ရောက်ဆင်မ ဘေဘီဇာငယ်ထွေး (ခ) ကြာဖြူ (၆)နှစ်ခန့်အား ဆင်တာဝန်ခံ ဦးခင်သောင်း(ဆင်ဦးစီး) ဦးစီး၍ ဆင်ထိန်း (၈)ဦးပါအဖွဲ့ဖြင့် ဆင်ထီး မောင်မောင်လွင် (၂၇)နှစ်၊ ဆင်မ ဆွေဟေမာ (၁၃)နှစ်နှင့် သားငယ် ဟက်ပီးမောင် (၂)နှစ်တို့ဖြင့် “ဆင်သွားရမည့် လမ်းကြောင်းလေ့ကျင့်ရန်” အတွက် ဆင်ကျုံးသွင်းမည့် နေရာဖြစ်သော ဝက်ဝံကုန်းအနီးရှိ အသင့်ဆောက်လုပ်ထားသည့် ကျုံးသွင်းမည့်နေရာသို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆင်စခန်းမှ ဆင်ဦးစီးများနှင့် ဆင် (၄)ကောင် စတင်ထွက်ခွာခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ဘာဘွန်းပြကွက်ရှေ့ရောက်ချိန်၌ ဘာဘွန်းခြံတွင် ထားရှိသည့် ကပွဲ ခွေး(ဂျက်ကီ)မှ ဟောင်သည့်အတွက် (ဘာဘွန်းမျောက်များ၊ Flamingo နှင့် ကြိုးကြာငှက်များ အော်ဟစ်သည့်အတွက် ဆင်များမှ ကြောက်လန့်တကြား ထွက်ပြေးကြသဖြင့် ဆင်ဦးကင်းတွင် လိုက်ပါသည့် ဆင်ဦးစီးနှင့် ဆင်ထိန်းများမှ ထိန်းသိမ်းကြသော်လည်း ဆင်ထီး (၁)ကောင်သာ ထိန်း၍ရပြီး ကျန်ဆင်(၃)ကောင်မှာ ဆင်ဦးစီးများအား ပြန်လည်ရန်ပြု၍ ထွက်ခွာလာရာလမ်းအတိုင်း လှည့်ပြန် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆင်ထိန်းများမှ ထပ်ကြပ်မကွာ လိုက်လံထိန်းသိမ်းခဲ့သော်လည်း ဆင် (၃)ကောင်မှာ ကြောက်လန့်၍ ထိန်းသိမ်းရန် ခက်ခဲသည့်အခြေအနေမှ ဆင်သားအမိ (၂)ကောင်မှာ ဆာဖာရီဂိတ်နှင့် စီမံအိမ်ရာ နောက်ကျောရှိ ကန်ဇွန်းခင်းသို့ ထွက်ပြေးခဲ့ပြီး မှိန်းသင်ကြားမည့် အရိုင်းဆင်(ကြာဖြူ)မှာ ဆင်စခန်း နောက်ဘက်မှ ဉယျာဉ်နယ်နိမိတ်တောအတွင်းသို့ ထွက်ပြေးခဲ့ကြောင်း၊ ဝန်ထမ်းများ လိုက်လံဖမ်းဆီးခဲ့သော်လည်း ဆင်သားအမိမှာ ဥယျာဉ်နယ်နိမိတ်စည်းရိုး အပြင်ဘက် ရန်မန်းလမ်းဟောင်းအား ကျော်လွန်၍ လယ်ကွင်းသို့ ဆင်းပြေးခဲ့ရာ ကားများ ဆိုင်ကယ်များ လူများနှင့် ခွေးများအား ကြောက်လန့်ပြီး (၃)မိုင်ခန့်အကွာ ရေဆင်းရဲစခန်းအနောက်ဘက် နတ်ဆင်ကုန်းကျွန်းတောတွင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း။

မှိန်းသင်ကြားမည့် အရိုင်းဆင်(ကြာဖြူ)မှာ ဆင်စခန်းပြကွက်အနောက်ဘက် ဥယျာဉ်နယ်နိမိတ်အတွင်း ဝန်ထမ်းလိုင်းဘက်ရှိ တောအတွင်းသို့ ထွက်ပြေးခဲ့သည့်အတွက် ဆင်ဦးစီးများမှ ထပ်ကြပ်မကွာ လိုက်ခဲ့ပြီး အရိုင်းဆင်ဖြစ်သည့်အတွက် အထိန်းဆင်ဖြင့် ခေါ်ဆောင်ရမည့် အခြေအနေဖြစ်သဖြင့် အဝေးမှ စောင့်ကြည့်ခဲ့ရကြောင်း၊ ဆင်မ(ဆွေဟေမာ)နှင့် သားငယ်(ဟက်ပီးမောင်)အား ယာယီထိန်းသိမ်းထားရှိသည့် နတ်ဆင်ကုန်း ကျွန်းတောမှနေ၍ အထိန်းဆင် ဆင်ထီး (မောင်မောင်လွင်)နှင့်အတူ ည ၈ နာရီခွဲတွင် ဥယျာဉ်သို့ လူရှင်းသည့် ဆည်ဘောင်လမ်းအတိုင်း ဆင်ဦးစီးနှင့် ဝန်ထမ်းများမှ ဝိုင်းဝန်းထိန်းသိမ်း၍ ဥယျာဉ်နယ်နိမိတ်ဧရိယာ အစပ်ရှိ ရိက္ခာစတိုအနီး သစ်ပင်ကြီးတွင် ချည်နှောင်ထားရှိခဲ့ပြီး မှိန်းသင်ကြားမည့် အရိုင်းဆင်(ကြာဖြူ) လာရောက်နိုင်စေရန်နှင့် ထိတ်လန့်မှု မဖြစ်စေရန်အတွက် အဖော်အဖြစ်ခေါ်ဆောင်ရန် ယာယီထိန်းသိမ်းထားရှိခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်များအားလုံး ပြန်လည်ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး ဆင်များအား ပြန်လည်ထိန်းသိမ်းနိုင်ရန် ကူညီဆောင်ရွက်ပေးသော တိရစ္ဆာန်ဥယျာဉ်များဌာန ညွှန်ကြားရေးမှူး၊ တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်ပါ (၃)ဦး၊ ဇေယျာသီရိမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ) ရဲမှူးမြင့်အောင်ထွန်း(ပါ) (၄)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်-တိ/ကု ဆရာဝန် ဒေါက်တာမျိုးနေဇာနှင့် အဖွဲ့ (၈)ဦး၊ ဥယျာဉ်မှ တိ/ကု ဆရာဝန်များနှင့် ဆင်ဦးစီးများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှ ထုတ်ပြန်ထားသည်။

MDN

Source: Naypyitaw Zoological Garden