ပွင့်ဖြူ ၁၇ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု၊ စက်တန်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် (Cash for Work) စီမံကိန်း ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီက ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး စက်တန်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယခု ဆောင်ရွက်ပြီးစီးသည့် စက်တန်းကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရကာ ယခုအခါ ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အချိန်ကုန်လူပင်ပန်းသက်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု၊ စက်တန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း (၇)ရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၉၀၀ ဖြင့် ကွန်ကရစ်လမ်း (၄)ခု၊ မြေနီကျောက်စရစ်လမ်း (၂)ခု၊ မြစ်ကျောက်စရစ်သဲနုန်းလမ်း (၁)ခု စုစုပေါင်း ကျေးရွာတွင်းလမ်း (၇)ခုကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)