ဆီဆိုင်၊ ၁၇ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ဒုံပင်ညိုကျေးရွာ၏ တောင်ဘက် (၁)ဖာလုံခန့်အကွာ အမြင့်(၃)ပေခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း(၂၃)ဧကနှင့် နားခိုက်ကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာ၏တောင်ဘက် (၁)မိုင်ခန့်အကွာ အမြင့်(၂)ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း(၃၂)ဧကတို့အား ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အဖွဲ့(၂)ဖွဲ့ခွဲ၍ စုပေါင်းဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာသား များနှင့်အတူ သီးပွင့်ဆဲဘိန်းစိုက်ခင်း(၅၅)ဧကအား စုပေါင်းဖျက်ဆီးရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို စက်တင်ဘာ ၂၅ ရက်မှ စတင်ဖျက်စီးခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်အထိ စုစုပေါင်း ဘိန်းစိုက်ခင်း(၃၂၄ ဒသမ ၅)ဧက ဖျက်ဆီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


