နေပြည်တော်၊ ၁၇ ဒီဇင်ဘာ
အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတို့နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြည်သူ့ အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်မှ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကော်စီဝင် ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်းချုပ် (၃) ခု တို့မှဥက္ကဋ္ဌတို့က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။
ရှေ့ဦးစွာ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်မည့် ပြည်သူ့အငှားအိမ်ရာအခန်း (၁)သောင်း တည်ဆောက်ရေး စီမံကိန်းအတွက် “ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ” ကို ဖွဲ့စည်းပြီး ဘဏ္ဍာငွေ ရရှိရေး၊ လုပ်ငန်းစာချုပ်များ ချုပ်ဆိုနိုင်ရေး၊ စီမံကိန်းအင်ဂျင်နီယာအကြို လုပ်ငန်းများနှင့် Structure Design များ အပြီးသတ်ပြင်ဆင်ရေးတို့ကို ကာလတိုအတွင်း ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြေပေါ်တွင်လည်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည် ပေါ်လာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း။
ပြည်သူ့အငှားအိမ်ရာ အခန်း (၁) သောင်း စီမံကိန်းသည် လုပ်ငန်းပမာဏကြီးမားပြီး၊ အချိန် (၁၂) လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လုပ်ငန်းပိုင်းတွင် Challenges များစွာရှိပါကြောင်း၊ ဦးစီးကော်မတီ အနေဖြင့် မူဝါဒပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို အချိန်နှင့်တပြေးညီ ခေါ်ယူဖြေရှင်းပေးလျက်ရှိပါကြောင်း။
ယခုစီမံကိန်းကို အသင်း (၃)သင်း၏ ငွေကြေးစိုက်ထုတ်မှုနှင့် ဆောင်ရွက်ပြီး အစိုးရ၏ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေမှ ပိုလျှံငွေနှင့် ပေးချေဆောင်ရွက်သွားရန် ညှိနှိုင်းခဲ့ပါကြောင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက်သည့် ကာလ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်၏ ပိုလျှံဘဏ္ဍာရန်ပုံငွေ သုံးစွဲခွင့်ကို ရရှိခဲ့ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာငွေသုံးစွဲရေးကို ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် အသင်းများမှ လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အချိန်မီပြီးစီးရေး စနစ်တကျခွဲဝေ ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က စီမံကိန်းဆောင်ရွက်မှု အခြေအနေကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာချုပ်ပါစည်းကမ်းများအတိုင်း လိုက်နာဆောင် ရွက်ရန်လိုပါကြောင်းနှင့် ရန်ပုံငွေပေးချေရာ တွင်လည်း သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီ ဆောင်ရွက်ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်လာနီကျော်၊ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စည်ဝင် ဦးတင်ထွန်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝိတ် တို့က ပြည်သူ့အငှားအိမ်ရာ အိမ်ခန်း (၁)သောင်း စီမံကိန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်လွန် သုံးစွဲခွင့် ရရှိထားသော ရန်ပုံငွေကျပ်ဘီလီယံ (၁၃၀) ဖြင့် ငွေပေးချေမည့် အစီအစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြမှုတို့အပေါ် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


