နေပြည်တော်၊ ၁၇ ဒီဇင်ဘာ
(၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိဒေသတွင်း အဆင့်ပြိုင်ပွဲ (9th ASEAN Quiz- Regional Level) ကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင် စင်ကာပူနိုင်ငံက အလှည့်ကျ အိမ်ရှင်အဖြစ် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသူ (၃)ဦး ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ စတူဒီယိုခန်းမမှ ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၀ ရက် က Google Classroom စနစ်ဖြင့် အွန်လိုင်းမှ ပထမအကြိမ် ရေးဖြေစစ်ဆေးခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ရွေးချယ်ထားသည့် အခြေခံပညာအဆင့် ကျောင်းသူ ကျောင်းသား (၃၄)ဦးအနက် ကျောင်းသူကျောင်းသား (၃၀) ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယင်းအနက်မှ အမှတ် အများဆုံးရရှိသူ ကျောင်းသူကျောင်းသား (၁၀) ဦးကို ပဏာမရွေးချယ်ကာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၂၃) ရက်က ဆန်ခါတင်အဆင့် ပြိုင်ပွဲဝင်(၅)ဦးကို ရေးဖြေ နှုတ်ဖြေ စစ်ဆေးမှုဖြင့် ထပ်မံစိစစ်ရွေးချယ်ခဲ့ရာ ယင်းဆန်ခါတင် ပြိုင်ပွဲဝင် (၅)ဦး အနက်မှ (၃) ဦးကို ရွေးချယ်ခဲ့ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံစီမှ အသက်(၁၅)နှစ်မှ (၁၈)နှစ် အတွင်း ကျောင်းသူ ကျောင်းသားများကို နိုင်ငံအလိုက် (၃)ဦးစီဖြင့်ဝင်ရောက် ယှဉ်ပြိုင် စေခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် အာဆီယံ(၁၀)နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံမှ အကြောင်း အမျိုးမျိုးကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြောင်း၊ ကျောင်းသူ ကျောင်းသားများ အာဆီယံဗဟုသုတများ ပြည့်စုံ ကြွယ်ဝစေရန်၊ အာဆီယံနိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်စေရန်နှင့် အာဆီယံ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် အဓိကရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ(၁၆) ရက်နှင့် (၁၇)ရက်တို့တွင် ကျင်းပပြီး ပထမနေ့တွင် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပနိုင်ရေး အတွက် အာဆီယံနိုင်ငံ များရှိ ပြန်ကြားရေးဆပ်ကော်မတီ (SCI) အသီးသီးမှ တာဝန်ရှိသူများ၊ ကြီးကြပ်သူဆရာ/ ဆရာမများအပါအဝင် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများစုပေါင်း၍ အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း၊ အစမ်း လေ့ကျင့်ခြင်းများကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ခဲ့ပြီး ဒုတိယနေ့တွင် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား စတင်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အာဆီယံဆိုင်ရာ ဗဟုသုတများကို နိုင်ငံအသီးသီးမှ ကျောင်းသား/သူများက အလှည့်တစ်လှည့်လျှင် နှစ်ကြိမ် နှုန်းဖြင့် အလှည့်သုံးလှည့် ယှဉ်ပြိုင်ကြပြီး၊ Social Program အနေဖြင့် နိုင်ငံအသီး သီးရှိ ပြိုင်ပွဲ ဝင်ကျောင်းသား /ကျောင်းသူများ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရေး၊ အာဆီယံနိုင်ငံများ အကြောင်း ပိုမိုသိရှိနားလည် လာစေရေးရည်ရွယ်၍ ချစ်ကြည်ရေးကစားပွဲအား ဆက်လက် ကျင်းပခဲ့ရာ ယနေ့မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲသည် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီဖြစ်သည့် (ASEAN-COCI) ၏ စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ နှစ်နှစ် လျှင်တစ်ကြိမ် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက အလှည့်ကျကျင်းပလျက်ရှိရာ ၂၀၀၂ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ နှင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတို့က အိမ်ရှင် အဖြစ် လက်ခံကျင်း ပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း နှင့် (၁၀) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 10th ASEAN Quiz (Regional Level) ကို ၂၀၂၂ ခုနှစ် တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


