ပါရီ ၁၇ ဒီဇင်ဘာ
ပြင်သစ်သမ္မတ အီမာနျူအယ်လ်မက်ခရွန်သည် ကိုဗစ်ဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး သီတင်းပတ်တစ်ပတ်ကြာ သီးခြားခွဲ၍ နေရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးတော်က ယနေ့ပြောကြားသည်။
မက်ခရွန်သည် ကိုဗစ်-၁၉ ရောဂါလက္ခဏာ စတင်ပြသခဲ့ပြီးနောက် ရောဂါစမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မက်ခရွန်သည် နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ယနေ့မှစ၍ ခုနစ်ရက်ကြာ သီးခြားခွဲ၍နေရပြီး ၎င်း၏ ရုံးလုပ်ငန်းများကိုမူ အဝေးကနေ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မက်ခရွန်သည် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် ကမ္ဘာ့နိုင်ငံနှင့် အစိုးရခေါင်းဆောင် အများအပြားအနက် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။
ပြင်သစ်အစိုးရသည် နိုင်ငံအတွင်း ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယလှိုင်းကို တိုက်ဖျက်ရန် ချမှတ်ထားသော အသွားအလာကန့်သတ်မှုကို ယခုသီတင်းပတ်အစောပိုင်းက ဖြေလျှော့ခဲ့သော်လည်း ရောဂါကူးစက်မှုနှုန်းမှာ ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်။
သို့သော် ပြင်သစ်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ညမထွက်ရအမိန့်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေစဉ် ည ၈ မှ ချမှတ်ထားပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ပြဇာတ်ရုံများနှင့် ရုပ်ရှင်ရုံများကို ဆက်လက်ပိတ်ထားကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သော ရောဂါများကြောင့် သေဆုံးသူပေါင်း ၅၉၃၀၀ ကျော် ရှိလာခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၀၀၀ ထပ်မံ တွေ့ရှိခဲ့ခြင်းနှင့်အတူ ခရစ္စမတ်နေ့ အကြိုရက်များတွင် ပြည်သူအကြား စိုးရိမ်ပူပန်မှု ဖြစ်ပွားစေခဲ့သည်။
ပြင်သစ်နိုင်ငံသည် ဥရောပနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ရောဂါ နှိမ်နင်းရန်အတွက် ရောဂါကာကွယ်ဆေးကို ထိုးနှံရန် မျှော်လင့်လျက်ရှိသည်။ ယမန်နေ့က ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကာ့စ်တက်စ်၏ ပြောဆိုချက်အရ ပြင်သစ်နိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၁၆ သန်းခန့် လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ