ဆူဗာ ၁၇ ဒီဇင်ဘာ

ဖီဂျီအစိုးရသည် နိုင်ငံအတွင်း အင်အားပြင်းအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သည့်အတွက် ရက် ၃၀ ကြာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကို ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

 

ယင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေအရ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်တစ်ရပ် ထုတ်ပြန်ထားပြီး ပြည်သူများအား မလိုအပ်ဘဲ အပြင်မထွက်ကြရန် တားမြစ်ထားကြောင်း၊ အရေးပေါ်အနေအထားတွင် ရှိနေသော ပြည်သူများအနေဖြင့် ၎င်းတို့မှာ လိုအပ်သော အကူအညီများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများကို ချိတ်ဆက်မည်ဖြစ်ကြောင်း ဖီဂျီ အမျိုးသားသဘာ၀ဘေးစီမံခန့်ခွဲရေးရုံး ညွှန်ကြားရေးမှူး ဗာစတီဆိုကိုက ပြောကြားသည်။

 

တစ်ချိန်တည်းမှာပင် ဖီဂျီဝန်ကြီးချုပ် ဗိုရက်ခ်ဘိုမီမာရာမာက ယာဆာအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းသည် ၂၀၁၆ ခုနှစ်က ဖီဂျီနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ပြီး ပြည်သူ ၄၄ ဦး အသက်ဆုံးရှုံးစေကာ အကြီးအကျယ်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွားစေခဲ့သည့် ဝင်ဆန်အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းထက် ပိုမိုကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပွားစေနိုင်သည့်အတွက် အကောင်းဆုံးဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ကြရန် ဖီဂျီပြည်သူများအား တိုက်တွန်းလိုက်သည်။

 

ယာဆာအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းသည် ဖီဂျီပြည်သူ ၈၅၀၀၀၀ သို့မဟုတ် နိုင်ငံတော်လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ထိခိုက်သွားဖွယ်ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

နာဗီမိုးလေဝသရုံး၏ ခန့်မှန်းချက်အရ ယာဆာအပူပိုင်းဆိုင်ကလုန်းသည် လတ်တလောအချိန်၌ ဗနွေလယ်ဗူ ကျွန်းအစွန်းတွင် ဗဟိုပြုနေပြီး နာရီအနည်းငယ်အတွင်း နိုင်ငံ၏ မြောက်ဘက်ဒေသများသို့ တစ်နာရီလျှင် ကီလိုမီတာ ၂၄၀ နှုန်းဖြင့် ဖြတ်သန်းတိုက်ခတ်လာဖွေရှိကြောင်း သိရသည်။

 

ယာဆာဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းတွင် လူနေအိမ်ပျက်စီးဆုံးရှုံးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြို့တော်ဆူဗာမြို့တည်ရှိရာ ဗီတီလယ်ဗူကျွန်းတွင် ဆိုင်ကလုန်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားပြီး ဒေသခံပြည်သူရာနှင့်ချီ နေအိမ်စွန့်ခွာကာ အစိုးရက တည်ဆောက်ထားသည့် ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့သွားကြသလို စာသင်ကျောင်းများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ