၁၈ ဒီဇင်ဘာ
အင်ဒိုနီးရှား အစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေချိန် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များအတွင်း ခရီးသွားလာခြင်း မပြုကြရန် နိုင်ငံသားများအား ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာနိုင်ခြေရှိသဖြင့် အထူးသဖြင့် ကူးစက်မှု ပြင်းထန်သော နယ်မြေများမှ ပြည်သူများအနေဖြင့် အခြားဒေသများသို့ ခရီးသွားလာခြင်း မပြုကြရန် အကြံပြု ပြောကြားထားကြောင်း ကိုဗစ်-၁၉ အထူးလုပ်ငန်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဝီကူ အာဒစ်မီတိုက ဗာကျူရယ် သတင်းစာ ရှင်းလင်းပွဲတွင် ယမန်နေ့က ပြောကြားခဲ့သည်။
ရောဂါကူးစက်မှုများ ဖြစ်ပွားနေချိန်တွင် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးရန်နှင့် နေမကောင်းဖြစ်ပါက ခရီးသွား အစီအစဉ်ကို ဖျက်ရန် ပြည်သူများအား အစိုးရက တိုက်တွန်းပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုများ ဆက်လက်မြင့်မားလာသည်နှင့်အမျှ ဒေသအများအပြားရှိ ဆေးရုံများ၏ သီးသန့်အခန်းများနှင့် အထူးကြပ်မတ်ဆောင်များတွင် ရောဂါကူးစက်ခံရသူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကုသမှုခံယူနေသည်ဟု အာဒစ်မီတိုက ဆိုသည်။
ဒီဇင်ဘာတွင် ရောဂါကူးစက်မှု ဖြစ်ပွားခဲ့သော ပျမ်းမျှဦးရေသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ စုစုပေါင်း၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်လထက် ၁၃ ဒသမ ၇၈ ရာခိုင်နှုန်းပိုမိုများပြားသည်။
၂၀၂၁ ခုနှစ် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များအတွက် ခရီးသွားလာခြင်းဆိုင်ရာ စည်းမျဉ်းများကို အစိုးရက ရေးဆွဲနေသည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄၃၅၀၈ ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၅၂၆၉၇၉ ဦးနှင့် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၉၃၉၀ ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
