မုံရွာ၊    ၁၈       ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ ၁၀ဝ၀ ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့် နေရာများတွင် ဒေသခံ ငါးဦးတို့ တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်း ငါးမျိုးနှင့် ဟင်္သာရုပ်တစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ဒုတိယအကြိမ် လာရောက်အပ်နှံကြသည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်က  ယခုကဲ့သို့ ရှေးဟောင်းပစ္စည်းများ လာရောက်အပ်နှံမှုအပေါ် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊   ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို မြတ်နိုးတန်ဖိုးထားရမှာဖြစ်ကြောင်း၊  အဆိုပါ ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ပညာရှင်အဖွဲ့က စစ်ဆေး၍ မူလရွှေထည် တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာကြေးတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ထပ်မံဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံငါးဦးအား ကြိုတင်ဆုကြေးငွေကျပ် ၄၄ သိန်းရှစ်သောင်းကို ပေးအပ်ချီးမြှင့်သည်။ အလားတူ ဒေသခံခြောက်ဦးတို့က ပထမအကြိမ်အဖြစ် တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ဟင်္သာရုပ် တစ်ခုတို့ကို ဒီဇင်ဘာ ၁၄ ရက်က ဝန်ကြီးချုပ်ထံ လာရောက်အပ်နှံခဲ့ရာ အဆိုပါ ဒေသခံ ခြောက်ဦးအတွက် ကြိုတင်ဆုကြေးငွေ ၅၁ သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ပြန်/ဆက်)