နောင်တရား၊ ၁၈ ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ မြင်းသောင်း ကျေးရွာ၌ ပအိုဝ်းတိုင်းရင်းသားများ အသုံးပြုသည့် လက်ရက်လွယ်အိတ်များ မှာယူမူနည်းပါး၍ ရောင်းအားကျဆင်း နေလျက်ရှိကြောင်း လက်ရက်ကန်းရက်လုပ်သူတစ်ဦးထံမှ သိရသည်။

 

“လွယ်အိတ်ကို အရွယ်ရောက်ကတည်းက ရက်လုပ်နေတာပါ။ အခုလည်း လုပ်နေတုန်းဘဲ နေ့တိုင်း အိမ်မှာနေပြီး လွယ်အိတ်ဘဲ ရက်လုပ်ဖြစ်နေတယ်။ အမှာရှိရင် လွယ်အိတ်အပြင် ခေါင်းပေါင်းနဲ့ ပိုးစောင်တွေလည်း ရက်ပါတယ်” ဟု မြင်းသောင်းကျေးရွာနေ နန်းခမ်းရင်က ပြောပြသည်။ တစ်ရက်လျှင် လွယ်အိတ်တစ်လုံးသာ ရက်လုပ်နိုင်ပြီး လွယ်အိတ်အရွယ်အစားပေါ် မူတည်၍ ကျပ် ၂၅၀၀ မှ ကျပ် ၈၀၀၀ အထိ ရောင်းချရကြောင်း ၎င်းကဆိုသည်။

 

ပွင့်လင်းရာသီတွင် ပွဲလမ်းသဘင်များပြားသောကြောင့် လွယ်အိတ်အမှာများပြားပြီး မနားမနေရက်လုပ်ခဲ့ရသော်လည်း ယခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းကို ခွင့်မပြုသောကြောင့် လွယ်အိတ်မှာယူမူ နည်းပါးကာ လွယ်အိတ်အသေးတစ်လုံးကို အများဆုံး ကျပ်၂၀၀၀ အထိသာ ရောင်းချနေရကြောင်း သိရသည်။ အဆိုပါ လက်ရက်လွယ်အိတ်များကို ပအိုဝ်းတိုင်းရင်းသားများက ပွဲလမ်းသဘင်များ၊ ရိုးရာအကပဒေသာပွဲများတွင် လည်းကောင်း၊ ဈေးရောင်းဈေးဝယ်များတွင် လည်းကောင်း အသုံးပြုကြသည်။ မြင်းသောင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိပြီး လက်ရက်ကန်းလုပ်ငန်းကို လူကြီးလူငယ်အားလုံး ရက်လုပ်တက်ကြကာ လွယ်အိတ်အမှာ နည်းပါးလာခြင်းကြောင့် လွယ်အိတ် ရက်လုပ်ခြင်းကို ရပ်နားထားပြီး နေ့စားခေါ်သည့် လယ်ယာလုပ်ငန်းများကိုသာ နေ့စားလိုက် နေရကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)