ရန်ကုန်၊ ၁၈ ဒီဇင်ဘာ
မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းခရီးစဉ်ကိုသာ အားထားရသော ပြည်တွင်း မြို့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်မည့် လေကြောင်းလိုင်း များနှင့် ခရီးသည်များလိုက်နာရမည့် Standard Operation Procedure (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းခရီးစဉ်များကို Boeing 737-800 NG ၊ Embraer 190 ၊ ATR-72 600 Series လေယာဉ်သစ်များဖြင့် ခရီးသွားပြည်သူများအား နေ့စဉ်ပျံသန်း ပို့ဆောင်ပေးသွားမည်ဖြစ်ရာ ခရီးစဉ်တွင်လိုက်ပါမည့် ခရီးသည်မှ ခရီးစဉ်နှင့် ရက် သတ်မှတ်ထားသော လက်မှတ်များကို MNA Ticketing Counter များ၊ Website နှင့် နီးစပ်ရာ Travel Agent တို့တွင် ဝယ်ယူရမည်ဖြစ်ပြီးခရီးသည်များအနေဖြင့် သတ်မှတ်ထားသော နေရာများတွင် ဝယ်ယူ ထားသော လေယာဉ်လက်မှတ်ပြ၍ဖြစ်စေ၊ လေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထား ကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ Rapid Antigen Diagnostic Test (RDT) Kit ဖြင့် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ပြီး Check-In ပြုလုပ်ရာတွင် ၃၆ နာရီအတွင်းစစ်ဆေးထားသော Negative Test Result ဖြစ်ရမည်ဖြစ်သည်။
ခရီးသည်အနေဖြင့် Rapid Antigen Diagnostic Test တွင် Positive ပြပါက မြန်မာအမျိုး သားလေကြောင်းမှ ဝယ်ယူထားသော လက်မှတ်များအတွက် Free Date Change (သို့) Full Refund ပြန်လည်ပေးအပ်သွားမည်ဖြစ်ကာ Travel Agent မှတစ်ဆင့် ဝယ်ယူထားသော လက်မှတ်များအတွက် မိမိဝယ်ယူထားသော Travel Agent သို့ဆက်သွယ်ပေး ရမည်ဖြစ်သည်။
ယခင်က ဝယ်ယူထားသော ပြည်တွင်းလေယာဉ်လက်မှတ်ကိုလည်း ဒီဇင်ဘာ(၁၆)ရက် မှ စတင်ပျံသန်းမည့် ပြည်တွင်းခရီးစဉ်များအတွက် Free Date Change ပြုလုပ်ပေး မည်ဖြစ်ပြီး ပြည်တွင်းလက်မှတ်ဆိုင်ရာ လက်မှတ်ရောင်းချမှု မူလစည်းမျဉ်း သတ်မှတ်ချက်များ (Fare Rules) ကိုပြောင်းလဲထားခြင်းမရှိကြောင်းသိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များမှာပူးတွဲ ဇယားပါအတိုင်းဖြစ်ပြီး မိမိသွားလိုသောခရီးစဉ်၏ အချိန်ဇယားများကို (https://www.flymna.com/plan-a-trip/flight-schedule)တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)


