မုံရွာ၊ ၁၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၆ မြို့နယ်တွင် နမသလေးစပါးမျိုးကို အမည်သစ်သီးနှံအဖြစ် ၈၄ ဒသမ ၅ ဧကကို စမ်းသပ်စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
“စစ်ကိုင်းတိုင်းဒေသကြီးမှာ နမသလေးစပါးမျိုးကို ၂၀၁၉ ခုနှစ်မိုးရာသီက စိုက်ပျိုးရေးသုတေသနဦးစီး ဌာနကနေ မျိုးသုံးတင်းမှာယူပြီး မြို့နယ် ၆ မြို့နယ်မှာ မျိုးစေ့ထုတ်ခင်းအဖြစ် စမ်းသပ် စိုက်ပျိုးခဲ့တာဖြစ်တယ်၊ အဲဒီကရတဲ့ မျိုးစပါးတွေကို အခုနှစ် မြို့နယ် ၁၆ ခုမှာ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်၊ အခုအချိန်မှာ စားသုံးသူကြိုက် နှစ်သက်မှုရှိပြီး ဒေသတွင်း ဝယ်ယူစားသုံးခြင်း အလေ့အထတော့ မရှိသေးဘူး၊ စားတဲ့နေရာမှာ အစာကြေလွယ်ပြီး နောင်မှာ ဈေးကွက်အလားအလာကောင်း ဖြစ်နိုင်တဲ့အတွက် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ စပါးမျိုးကို ပြန်လည်ဖော်ထုတ် စိုက်ပျိုးတာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး ကပြောသည်။
နမသလေးစပါးမျိုးစိုက်ပျိုးမှုအနေဖြင့် လဟယ်မြို့နယ်တွင် ၅ ဧက၊ နန်းယွန်းမြို့နယ်တွင် ၄ ဧက၊ ပန်ဆောင်မြို့နယ်ခွဲတွင် ၁ ဧက၊ ခန္တီးမြို့နယ်တွင် ၁ ဧက၊ လေရှီးမြို့နယ်တွင် ၇ ဒသမ ၅ ဧက၊ ဟုမ္မလင်းမြို့နယ်တွင် ၁၅ ဧက၊ ကျောက်မြောင်းမြို့တွင် ၁ ဧက၊ မော်လိုက်မြို့နယ်တွင် ၃၅ ဧက၊ ခမ်းပတ်မြို့နယ်ခွဲတွင် ၂ ဧက၊ ကလေးမြို့နယ်တွင် ဝ ဒသမ ၅ ဧက၊ ကောလင်းမြို့နယ်တွင် ၁ ဧက၊ ပင်လည်ဘူးမြို့နယ်တွင် ၁ ဧက၊ ဝန်းသိုမြို့နယ်တွင် ၂ ဧက၊ အင်းတော်မြို့နယ်တွင် ၆ ဧက၊ ဗန်းမောက်မြို့နယ်တွင် ၂ ဧကနှင့် ထီးချိုင့်မြို့နယ်တွင် ဝ ဒသမ၅ ဧကတို့ကို ပြီးခဲ့သည့် မိုးသီးနှံ စိုက်ပျိုးချိန်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


