တောင်ကြီး၊ ၁၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲက လားရှိုးမြို့နယ် နောင်မွန်ကျေးရွာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၇၅)အုပ်စု၊ ကွင်းပေါင်း ၂၉၈ ကွင်း၊ တောင်သူပေါင်း ၁၀၁၆၁ ဦး၊ ဦးပိုင်ပေါင်း ၁၂၈၇၀ နှင့် ဧရိယာပေါင်း ၄၂၁၁၆ ဧကကို လျာထားလျက်ရှိရာ ယနေ့ချိန်ထိ တောင်သူစုစုပေါင်း ၉၉၆၆ ဦး၊ ဦးပိုင်ပေါင်း ၁၂၅၇၉ နှင့် ဧရိယာပေါင်း ၃၉၁၀၀ ဧကထုတ်ပေးပြီး ဖြစ်သည့်အတွက် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမြို့နယ်ရှိ နားမခေါ်ကျေးရွာအုပ်စု၊ အိမ်ခြေ (၁၂၂)ခု၊ အိမ်ထောင်စု (၁၁၅)စု၊ လူဦးရေ ၅၇၆ ဦးမှ တောင်သူစုစုပေါင်း ၃၁ ဦး၊ ဦးပိုင်ပေါင်း (၇၄)ခုကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက နားမခေါ်ကျေးရွာအုပ်စုရှိ တောင်သူ(၃၁)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


