ရိခေါ်ဒါရ်၊ ၁၉ ဒီဇင်ဘာ        

 

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် ရိခေါ်ဒါရ်မြို့ဒေသနှင့် အနီးတစ်ဝိုက်ရှိ အထင်ကရနေရာ ဒေသများဖြစ်သည့် ရိဒ်ရေကန်နှင့် ဘွာန်နဲလ် (ခ) လင်နူးပါ တောင်တို့၌ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် တားဆီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၈ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်ပြီး ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်က ပြောကြားရာတွင် “ကျွန်တော်တို့ ရိခေါ်ဒါရ်မြို့နှင့် အနီးတစ်ဝိုက်ရှိ အထင်ကရနေရာဒေသများဖြစ်တဲ့ ရိဒ်ရေကန်နဲ့ ဘွာန်နဲလ် (ခ) လင်နူးပါတောင်များမှာ လာရောက်လည်ပတ်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီရဲ့ စီစဉ်မှုနဲ့ ဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ Mask နဲ့ လက်ဆေးရည်များ ပေးအပ်လှူဒါန်းရာမှာ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ပြည်နယ်ကော်မတီ ဒုတိယယဥက္ကဋ္ဌ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးကိုယ်စား မြို့နယ်လဝကဦးစီးမှူး ဦးဟိုခန့်ဒါးလ်၊ ပြည်နယ်ကျန်းမာရေးမှူးကိုယ်စား တာဝန်ခံအရာရှိ ဦးခင်မောင်သန်းနဲ့ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ကျွန်တော် ဦးဆလိုင်းသိန်းဌေးလွင်တို့က သွားရောက်လှူဒါန်းပေးတာဖြစ်တယ်။”ဟု ပြောသည်။

 

ဘွာလ်နဲလ်(ခ)လင်နူးပါတောင်သို့ ခရီးသွားပြည်သူများအား Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်းနိုင်ရေးအတွက် တောင်ခြေရွာဖြစ်သည့် မွှန်လွကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ဘွာန်နဲလ် (ခ) လင်နူးပါတောင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာစန်းမာက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လိုက်နာရမည့် အချက်များ၊ Mask နှင့် လက်ဆေးရည် အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူးက Mask အခု ၁၀၀၀၊ လက်ဆေးဆပ်ပြာရည် ဘူးကြီး ခုနစ်ဘူးနှင့် ဘွာန်နဲလ်(ခ)လင်နူးပါတောင် ခြေလျင်တောင်တက်လမ်း ပြုပြင်ရန် အနည်းငယ် ကျန်ရှိသည့်် နေရာများ ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ကိုယ်စားဖြင့် ပေးအပ်လှူဒါန်းပေးရာ မွှန်လွကျေးရွာအုပ်ချုပ်ရေးမှူး ဦးလာလ်ဧဇဲန်းက လက်ခံခဲ့ကြောင်း၊ ဆက်လက်၍ ရိဒ်ရေကန်သို့ လာရောက်လည်ပတ်သူများ အတွက် Mask အခု ၅၀၀ နှင့် လက်ဆေးဆပ်ပြာရည်ဘူးကြီး နှစ်ဘူးတို့ ပေးအပ်လှူဒါန်းရာ ရိခေါ်ဒါရ်မြို့၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလာလ်ချန့်လျန်က လက်ခံရယူသည်။

 

ရိဒ်ရေကန်နှင့် ဘွာန်နဲလ်(ခ)လင်နူးပါတောင်တို့သည် မီဇိုချင်းလူမျိုးတို့၏ သမိုင်းဝင်နေရာများဖြစ်ပြီး လေ့လာရေးခရီး၊ အပန်းဖြေခရီးဖြင့် နှစ်စဉ် လာရောက်လည်ပတ်သူ များပြားသည့် အထင်ကရ နေရာဒေသများ ဖြစ်ကြောင်း သိရသည်။

 

လာလ်ပက်လောမ် (ပက်ကာ)

 

mdn