ပင်လောင်း၊ ၁၉ ဒီဇင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆီဆုံကုန်းကြီးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့်မီးရရှိရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့်အတူ ဆီဆုန်ကုန်ကြီးကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေး လမ်းမီးတိုင်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ဆေးပေးခန်းများတွင် မီးရရှိရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆိုလာပြား၊ ဘက်ထရီနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေး မှာကြားပါသည်။
ဆီဆုံကုန်းကြီးကျေးရွာ မီးရရှိရေးအတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာရှိ အိမ်ခြေ ၆၅ အိမ်အား ၆၀ ဝပ်ဆိုလာစနစ် ၄၉ စုံ၊ ၁၀၀ ဝပ် ဆိုလာစနစ် ၁၉ လုံးနှင့် လမ်းမီးတိုင် ၁၁ တိုင်တို့တွင် မီးရရှိရေး တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ တစ်အိမ်သုံး ဆိုလာစနစ်များကို ဒေသခံပြည်သူများမှ မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ၆၀ ဝပ် ဆိုလာစနစ်အတွက် ငွေကျပ်ငါးသောင်းနှင့် ၁၀၀ ဝပ် ဆိုလာစနစ်အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့် ထောက်ပံ့ပေးကြောင်း၊ အိမ်သုံးဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူ့ထည့်ဝင်ငွေများအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးကို ဆီဆုံကုန်းကြီးကျေးရွာအပါအဝင် ကဒက်ပင်၊ ပင်စိမ်းပင် (မြောက်)၊ တပူ၊ ဘုရားတောင်၊ လယ်ကြား၊ ထီသပြေ၊ ပေါ့ကဲ၊ ပြဒိန်၊ ဆောင်းအို စသည့်ကျေးရွာ ၁၀ ရွာ မှာရှိတဲ့ အိမ်ခြေ ၃၁၂ အိမ်ကို ၆၀ ဝပ်ဆိုလာစနစ် ၂၉၁ စုံ၊ ၁၀၀ ဝပ် ဆိုလာစနစ် ၂၁ စုံ၊ စာသင်ကျောင်းနှစ်ကျောင်း၊ ဆေးပေးခန်းတစ်ခု ၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ လမ်းမီတိုင် ၄၈ တိုင်တို့ကို မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
ကိုပြည့်(ကျေးလက်)


