ကျောက်ဆည်၊ ၁၉ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲက ကျောက်ဆည်အသင်း(ရန်ကုန်)မှ အလှူငွေကျပ် သိန်း (၆၀)ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကျောက်ဆည်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှာစကားပြောကြားပြီး ကျောက်ဆည်အသင်း(ရန်ကုန်)မှ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ကျောက်ဆည် ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးနှင့် မြစ်သားမြို့နယ်များတွင် ပထမအကြိမ်အဖြစ် အလှူငွေကျပ် (၅)သိန်းစီလှူဒါန်းခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကျောက်ဆည်မြို့နယ်အတွက် အလှူငွေကျပ်သိန်း (၆၀)၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များအတွက် အလှူငွေကျပ်သိန်း (၃၀)စီကို အသီးသီး လှူဒါန်းခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်က လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြောကြားပြီး ကျောက်ဆည်အသင်း(ရန်ကုန်)မှ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်၊ ဒေါ်ခင်မျိုးသန့်တို့က အလှူငွေကျပ်သိန်း (၆၀)ကို ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


