၁၉၊ ဒီဇင်ဘာ
ကနေဒါနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၄၀၀ ကျော် မှာယူထားကြောင်း၊ လူဦးရေ ၃၈ သန်းနေထိုင်တဲ့ တစ်နိုင်ငံလုံးအား ကာကွယ်ဆေး ထိုးနှံပေးအပြီး ပိုတဲ့ဆေးတွေကို တခြားနိုင်ငံတွေအား ထောက်ပံ့ပေးမယ်လို့ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို ဒီဇင်ဘာ ၁၄ ရက် (တနင်္လာနေ့) မှာ စတင်ခဲ့ကြောင်း သိရပါတယ်။
CTV ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ကနေဒါနိုင်ငံသားအားလုံး ကာကွယ်ဆေးရရှိပြီးလို့ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ပိုနေရင် ကမ္ဘာ့နိုင်ငံတွေကို မျှဝေသွားမယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလအတွင်းမှာ Pfizer က ထုတ်လုပ်တဲ့ ကာကွယ်ဆေး အလုံးရေ ၁၂၅,၀၀၀ ကို သီတင်းတစ်ပတ်အတွင်း ထိုးပေးဖို့ ပြင်ဆင်ထားတဲ့အတွက် တစ်လလုံးမှာ ကာကွယ်ဆေး ၅၀၀,၀၀၀ ထိုးပြီးမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

လာမယ့်သီတင်းပတ်မှာ Pfizer-BioNTech ထုတ်ကာကွယ်ဆေး အလုံးရေ ၂၀၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။ Moderna ထုတ် ကာကွယ်ဆေးအား ကနေဒါ ကျန်းမာရေးဌာနက သုံးစွဲခွင့် ပြုခဲ့မယ်ဆိုရင် နှစ်မကုန်ခင်မှာ Moderna ကာကွယ်ဆေး ၁၆၈,၀၀၀ လုံး ရရှိမယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ရဲ့ အကြီးအကဲက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထောက်ပံ့ပေးရေး အစီအစဉ်အတွက် အလှူငွေ ၂ ဘီလီယံနီးပါး ရရှိပြီးကြောင်း သောကြာနေ့က ကြေညာပါတယ်။ အဲဒီအစီအစဉ်အတွက် ကနေဒါနိုင်ငံက ကနေဒါဒေါ်လာ ၂၂၀ သန်း (အမေရိကန်ဒေါ်လာ ၁၇၂ သန်း) အား စက်တင်ဘာလက လှူဒါန်းကြောင်း သိရပါတယ်။
ကနေဒါနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄,၀၀၀ နီးပါးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP