ရန်ကုန်၊ ၁၉ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စေတနာရှင်ပြည်သူများစုပေါင်း၍ အခြေခံလူတန်းစား ပြည်သူများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းသည့် “ဖေးမအတူလက်တွဲကူ” အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ပြုလုပ်သည်။
အဆိုပါအစီအစဉ်အရ ပန်းလှိုင်တံတားအောက်၌ နေထိုင်ကြသည့် အိမ်ထောင်စု များအနက်မှ အိမ်ထောင်စု ၅၀၀ အား အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၂၅၀၀၀ ခန့် တန်ဖိုးရှိ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်များကိုထောက်ပံ့ လှူဒါန်းခဲ့သည်။
အဆိုပါ အစီအစဉ်ကို Haier Myanmar နှင့် Clean Yangon တို့ပူးပေါင်း ဆောင်ရွက် ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလတွင် အခြေခံလူတန်းစားပြည်သူအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
လှူဒါန်းမှုနှင့်ပတ်သက်၍ Haier Myanmar မှတာဝန်ရှိသူတစ်ဦးက “ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ စားသောက်ရေးအတွက် ခက်ခဲနေတဲ့မိသားစုတွေကို အဓိကထားပြီးလှူတာပါ။ လက်ခံရရှိတဲ့ ပြည်သူတွေအတွက် တစ်မဖက်တစ်လမ်းကနေ အထောက်အကူရရှိလိမ့်မယ် လို့မျှော်လင့်ပါတယ်” ဟု ပြောသည်။
ထိုသို့လှူဒါန်းရာတွင် Clean Yangon ၏ စစ်တမ်းကောက်ယူမှုများအရ အမှန် တကယ် နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေသည့် အခြေခံလူတန်းစားများ အများစုနေထိုင်သည့် နေရာများအား ရွေးချယ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး


