မြစ်သား၊ ၁၉ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဘုံကွင်းကျေးရွာအုပ်စု နတ်မော် ကျေးရွာ၊ ခန္တောကျေးရွာအုပ်စု ခန္တော+ရေအေးဆိပ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက အဆိုပါကျေးရွာ များရှိ ရွာဦးဘုန်းကြီး ကျောင်းဝန်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ အမှတ်(၁) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြ သင်း၊ မြို့နယ်မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၊ မြစ်သား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်၊ ဦးစီးအရာရှိ ဒေါ်အိအိသော်နှင့် ဝန်ထမ်းများတက်ရောက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများအား ဆောင်ရွက်ခဲ့ ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများမှ အများသဘောဆန္ဒနှင့်အညီ ကော်မတီ ကို နတ်မော်ကျေးရွာတွင် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၆)ဦး စုစုပေါင်း(၁၁)ဦး၊ ခန္တော+ရေအေးဆိပ်ကျေးရွာတွင် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း(၉)ဦးတို့ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်းနှင့် မြစ်သားမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေ (၂)ယူနစ် ကျေးရွာ(၃)ရွာရရှိပြီး နတ်မော်ကျေးရွာအတွက် (၁)ယူနစ်၊ ခန္တောနှင့် ရေအေးဆိပ်ကျေးရွာတို့ အတွက်(၁)ယူနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်(မြစ်သား)


