နေပြည်တော်၊ ၁၉ ဒီဇင်ဘာ
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကျန်းမာရေးပြဿနာသာမက လတ်တလောနှင့် ရေရှည်တွင်ပါ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်သက်ရောက်မှုရှိပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ စီမံချက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးဆိုသည့်မူ ပါရှိ ပါကြောင်း၊ အစိုးရအနေဖြင့်လည်း လူတိုင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ၏ စီးပွားရေးသက်ရောက်မှုများသည် လူတစ်ဦးတစ်ယောက်ချင်းစီနှင့် အိမ်ထောင်စုများတွင် ကြုံတွေ့နေရခြင်းဖြစ်၍ ပြဿနာကိုဖြေရှင်းရာတွင် အမျိုးသားရေးစိတ်ဓာတ်၊ စာနာရိုင်းပင်းမှု၊ သတိ၊ လုံ့လ ဝီရိယရှိမှု၊ ထိုးထွင်းကြံဆနိုင်မှုများနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် အရေးကြီးပါ ကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် ပုံမှန်အလုပ်အကိုင်များ အခက်အခဲရှိလာခြင်း၊ အွန်လိုင်းအသုံးပြုမှု များပြား လာသည်နှင့်အမျှ လိမ်ညာလှည့်ဖြားမှုများ ပိုမိုဖြစ်လာနိုင်ခြင်းတို့ကြောင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်း များ ပိုမိုများပြားလာနိုင်ပါကြောင်း၊ လူကုန်ကူးခံရသူများသည် အမျိုးသမီးငယ်ရွယ်သူများနှင့် အမျိုးသမီး များ၊ ကလေးသူငယ်နှင့် လူငယ်များ အများစုဖြစ်ကြပါကြောင်း၊ အမျိုးသမီးများသာမက အမျိုးသားများ လည်း ပါဝင်သည်ကို သတိရှိရန်လိုပါကြောင်း။
လူကုန်ကူးမှုပြဿနာကို တားဆီးကာကွယ်ရန် လိုအပ်သကဲ့သို့ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အစိုးရအနေဖြင့် မလွဲမသွေ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မှုကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခွဲ(၃)ခုကို ဖွဲ့စည်းထားရှိပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အထိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့ဝင်ဌာနများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကုလမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်ပြီး ရေးဆွဲထားရှိသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများ၏ နှစ်စဉ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များကို ရာနှုန်းပြည့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။
ထို့ပြင် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံပြန်လည်အပ်နှံရေးနှင့် မိသားစုနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး ဆိုင်ရာ အမျိုးသားလုပ်ငန်းလမ်းညွှန်ကို ရေးဆွဲဖော်ထုတ်ခဲ့ပါကြောင်း၊ သို့သော်လည်း ၎င်းလုပ်ငန်းလမ်းညွှန် အရ အကောင်အထည်ဖော်ရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသူများနှင့် ဝန်ဆောင်မှုပေးနေသူများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုများကို ရှင်းလင်းတိကျစွာ သိရှိစေရန်၊ ဝန်ဆောင်မှုပေးနေသူများအကြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးခံရသူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင် ရွက် ပေးနိုင်ရန်တို့အတွက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်ကို ထပ်မံ ရေးဆွဲခဲ့ပါကြောင်း၊ ထိုစံလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး အမေရိကန်နိုင်ငံက လူကုန်ကူးခံရသူများ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပါ စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ တိုင်းတာ၍ နှစ်စဉ် အစီရင်ခံစာများ ထုတ်ပြန်ပြီး အဆင့်များ သတ်မှတ်ကာ အကြံပြုချက်များကို ကြေညာလေ့ရှိပါကြောင်း။
၂၀၂၀ ခုနှစ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တိုးတက်မှုလိုအပ်ချက်ရှိနေကြောင်းနှင့် အကြံပြုချက် (၁၃)ချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များကို ပေါ်လွင် အောင် ဖော်ပြဖို့လိုပါကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အတည်ပြုဖြန့်ချိပြီးဖြစ်သော ကူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်နှင့်အညီ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေး နိုင်ရန်နှင့် တစ်ပြေးညီဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း များ၏ အားသာချက်၊ အားနည်းချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် မူဝါဒပိုင်း ဆိုင်ရာများတွင် အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ လူကုန်ကူးခံရသူများနှင့် ပတ်သက်သော လုပ်ငန်း စဉ်တွင် ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် လူကုန်ကူးမှု ထပ်မံမဖြစ်ပွားစေအောင် တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်းအားဖြင့် လူကုန်ကူးမှုများ လျော့နည်း ပပျောက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း။
ထို့ကြောင့် လုပ်ငန်းကော်မတီ (၃)ခု ညီညွတ်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ထို့အပြင် ပြည်သူလူထုအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များတွင် ပါဝင်ကြသော သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပူးပေါင်းဆောင်ရွက်ကြသော အရန် မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနယ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် အနီးစပ်ဆုံးတွင် ရှိကြသည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍသည် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတွင် အလွန်အရေးပါပြီး လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ စံလုပ်ငန်းစဉ်များ အကောင်အထည်ဖော် အောင်မြင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသားအဆင့် စံလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လက်ရှိကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ အမြဲတမ်းအတွင်းဝန်တို့က တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က တင်ပြချက်များကို ခြုံငုံသုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းသည် အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းကို ထိရောက်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူလူထုအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယနေ့ မိတ်ဆက် ရှင်းလင်းသော လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
သတင်းစဉ်


