ရန်ကုန်၊ ၁၉ ဒီဇင်ဘာ
မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ယုံကြည်သူများအသင်းတော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ခရစ်ယာန်အသင်းတော်များမှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)မှ ဘဏ္ဍာရေးမှူး Rev. Thein Tan Tun က ကျမ်းစာဖတ်ကြားခြင်း၊ Rev. NC Thawng Tha Thang က အစပြုဆုတောင်းခြင်း၊ Worship Team အဖွဲ့ က ချီးမွမ်းကိုးကွယ်ခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ခရစ္စမတ်ပွဲတော်သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည့် ပွဲတော် တစ်ခုဖြစ်ပြီး ယေရှုခရစ်တော် (Jesus Christ) ဖွားမြင်ရာနေ့ကို အထိမ်းအမှတ်ပြု၍ ကျင်းပကြခြင်း ဖြစ်ပါ ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် ခရစ်ယာန်ဘာသာဝင်များက ခရစ်တော်၏ မွေးနေ့တော်ကို ရည်မှန်းပြီး ခရစ်တော်၏ကျေးဇူးတော်များကို ချီးမွမ်းကြကာ ခရစ်တော်၏ အလိုတော်ဆန္ဒနှင့်အညီ လူသားများအားလုံး တစ်ဦးနှင့်တစ်ဦး မေတ္တာတရားထားရှိနိုင်ကြပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ ထွန်းကားကြပါစေဆိုသည့် ဆုတောင်းသံများ ပျံ့လွင့်လျက်ရှိနေမည်ဟု ယုံကြည်ပါကြောင်း။
ဘုရားသခင်၏ အလိုတော်အတိုင်း လူသားတို့သည် တစ်ဦးနှစ်တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်ကြမည်၊ ကိုယ်ချင်းစာနာစိတ်၊ ခွင့်လွှတ်သည်းခံစိတ် စသည့် စိတ်ကောင်းစိတ်မွန်များ ထားရှိကြမည်ဆိုလျှင် လူ့ဘောင်လောကကြီးသည် သာယာချမ်းမြေ့ပြီး နေချင်စဖွယ်အတိဖြစ်လာမည် မလွဲဧကန်ဖြစ်ပါကြောင်း၊ အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် အချင်းချင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်ထားရှိပြီး သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကိုယ်ခြင်းစာနာခြင်းတို့ဖြင့် အတူလက်တွဲနေထိုင်သွားကြမည်ဆိုပါက ငြိမ်းချမ်းသာယာသော လူ့ဘောင်ဘဝကို ရရှိခံစားကြရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် နယ်ပယ်အသီးသီးက ကြိုးပမ်းဆောင်ရွက်ကြလျက်ရှိပါကြောင်း၊ ဘာသာအသီးသီးက ဘာသာရေး ခေါင်းဆောင်များ၊ ဘာသာဝင်များကလည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးမှသည် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရေးအတွက် ကြိုးပမ်းကြလျက်ရှိသည့် အချိန်အခါလည်းဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာဝင်များသည် တက်တက်ကြွကြွနှင့် ပါဝင်ဆောင်ရွက်နေသည်ကို ထင်ရှားစွာတွေ့မြင်ရသည့်အတွက် လွန်စွာဝမ်းမြောက် ရပါကြောင်း။
ယခုကဲ့သို့ အေးချမ်းသာယာသည့် ခရစ္စမတ်ပွဲတော်ကာလအခါသမယတွင် ခရစ်ယာန်ဘာသာဝင်အပေါင်း တို့သည် ခရစ်တော်၏ဟောကြားချက် အဆုံးအမများကို ဦးထိပ်ထားလျက် ကျေးဇူးတော်အစုံကို ခံယူနိုင် ကြပါစေ။ ကိုဗစ်-၁၉ ရောဂါပိုးများကင်းစင်၍ မိမိတို့ဘာသာ သာသနာအကျိုးကို ကောင်းစွာထမ်းဆောင် နိုင်ကြပါစေ။ မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံတော်အပေါ်၌ သစ္စာစောင့်သိ၍ နိုင်ငံ့အကျိုးကို နိုင်ငံသား ကောင်းပီသစွာ ထမ်းရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ခရစ္စမတ်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက တစ်ပင်တိုင်သီချင်း သီဆိုခြင်း၊ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ နိုင်ငံတော်အတွက် ဆုတောင်းခြင်း၊ ခရစ္စမတ်တရားဒေသနာ ဟောကြားခြင်း၊ MECA အတွက် ဆုတောင်းပေးခြင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အဆုံးသတ်ကောင်းချီးတောင်းခံပေးခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
သတင်းစဉ်


