မြန်အောင်၊ ၂၀ ဒီဇင်ဘာ
မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းအရ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် အကောင်အထည်ဖော်စိုက်ပျိုးခဲ့သော စီးပွားရေးကျွန်းစိုက်ခင်း ဧက ၃၀၀ စိုက်ပျိုးအောင်မြင်ခဲ့ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီက မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ်(၃၄)ရှိ အဆိုပါစိုက်ခင်း ရှင်းလင်းဆောင်တွင် ကျင်းပသည်။
အဆိုပါအောင်ပွဲအခမ်းအနားတွင် မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင် ထိန်းသိမ်းရေးကို နိုင်ငံတော်အစိုးရက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၁၀)နှစ်စီမံကိန်းချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ဌာန၀န်ထမ်းများသာမက ဒေသခံများ၏ စုပေါင်းအင်အားများဖြင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလျော့နည်းခဲ့ရသည့် သစ်တောများနေရာတွင် ပြန်လည်အစားထိုး ထိန်းသိမ်းလာနိုင်ပြီး အောင်မြင်မှုရှိလာသဖြင့် သက်ဆိုင်ရာတာဝန်ရှိ ၀န်ထမ်းများနှင့် ဒေသခံများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ထူထောင်ခြင်းလုပ်ငန်းများကို ဝိုင်း၀န်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးသန်းဌေးက သစ်တောများ ပြန်လည်တည်ထောင် ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ၀န်ထမ်းများ၊ သစ်တောစိုက်ခင်းအတွင်း သစ်တောထိန်းသိမ်းခြင်းနှင့်အတူ တောင်ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်သားများကို သစ်တောဦးစီးဌာနက ပေးအပ်သည့် လက်ဆောင်ပစ္စည်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာ၀န်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းဖြင့် စီးပွားရေးကျွန်းစိုက်ခင်း ဧက ၃၀၀ ကို စတင်စိုက်ပျိုးခဲ့ပြီး ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧက ၄၀၀ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဧက ၃၀၀၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧက ၃၀၀ တို့ကို စိုက်ပျိုးအောင်မြင်ခဲ့ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ဧက ၃၅၀ ဆက်လက်စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းဇော်ထွန်း(မြန်မာစာ)


