(၂၀-၁၂-၂၀၂၀ ရက်၊ ထိုင်ဝမ်)
၁။ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး စာချုပ်သက်တမ်း ကျော်လွန်နေသည့် မြန်မာသင်္ဘောသားများ၊ အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ခွင့် မရရှိသူများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများနှင့် မိသားစုများထံ အလည်အပတ် လာရောက်သူများသည် လေကြောင်း သွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြရာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် နဝမအကြိမ်မြောက် တိုင်ပေ-ရန်ကုန် လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ယနေ့ ၂၀-၁၂-၂၀၂၀ ရက် (တနင်္ဂနွေနေ့) နံနက် (၀၇:၀၀) နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်း အမှတ် CI-7915 ကုန်တင် လေယာဉ်ဖြင့် မြန်မာသင်္ဘောသား (၁၄၀) ဦး၊ အလုပ်အကိုင် ဆက်လက်အလုပ်လုပ်ကိုင်ခွင့် မရှိသူများ၊ ပညာသင်ကာလ ပြီးဆုံးသော ကျောင်းသားများနှင့် မိသားစုများထံ အလည်အပတ်ရောက်ရှိပြီး သောင်တင်နေသူ (၇) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၄၇) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားပါသည်။
၃။ အထက်ဖော်ပြပါခရီးသည်များအနက် သက်ဆိုင်ရာမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု မရှိသော်လည်း စာချုပ်သက်တမ်း ကျော်လွန်ပြီး သင်္ဘောဆင်းခွင့် ရရှိရန် အခက်အခဲဖြစ်နေသည့် မြန်မာ သင်္ဘောသား (၁၀၄) ဦးအား သင်္ဘောဆင်းခွင့်ရရှိရန် ကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပါသည်။
၄။ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အဆိုပါဒေသမှ နေရပ်ပြန်လို သည့် သင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ယခု လေယာဉ်ခရီးစဉ်အပါအဝင် လေယာဉ်ခရီးစဉ် (၉) ကြိမ်တိတိ စီစဉ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါခရီးစဉ် (၉) ခု၌ မြန်မာနိုင်ငံသား စုစုပေါင်း (၉၀၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Crd> Ministry of Foreign Affairs Myanmar


