မကွေး၊ ၂၀ ဒီဇင်ဘာ

 

မကွေးမြို့ ကန်သာကန်ပေါင်တွင် စည်းကမ်းမဲ့စွာ အမှိုက်များစွန့်ပစ်ပါက လူကြီးဖြစ်လျှင် ၅၀၀၀ ကျပ်၊ ကလေးငယ်ဖြစ်လျှင် ၂၀၀၀ ကျပ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ကော်မတီက သိရသည်။

 

ကန်သာကန်ကို အမှိုက်ကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်မှာပါ။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် စည်းကမ်းလိုက်နာသူတွေ စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ဒဏ်ငွေထက် လူတိုင်းစည်းကမ်းရှိစေရေးအတွက် ရည်ရွယ်ပြီး ဒဏ်ငွေရိုက်ဖို့ သတ်မှတ်လိုက်တာပါ ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

 

ကန်သာကန်ကို အမှိုက်ကင်းစင်နယ်မြေအဖြစ် စတင်ဆောင်ရွက်ပြီးလျှင် မကွေးတစ်မြို့လုံးကို အမှိုက်ကင်းစင်နယ်မြေဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကန်သာကန်ပေါင်တွင် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် စတီးအမှိုက်ခြင်း ၅၀ ကျော် ချထားကြောင်း၊ အမြင်မတော်၍ အမှိုက်ကောက်သူများ အဆင်ပြေရန်အတွက် လက်အိတ်များ စီစဉ်ပေးပေးထားကြောင်း သိရသည်။

 

ဇေယျတု(မကွေး)

 

mdn