ငွေဆောင်၊ ၂၀ ဒီဇင်ဘာ
ဧရာဝတီဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိ ချစ်သူများကျွန်းတွင် ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သေဆုံးသူနှစ်ဦးသည် ပုသိမ်မြို့မှ အလုပ်ကိစ္စဖြင့် လာရောက်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာများဖြင့် ငွေဆောင်မြို့သို့ ရောက်ရှိခဲ့ပြီး ချစ်သူများကျွန်းတွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးခြင်း ဖြစ်သည်။ သေဆုံးသူနှစ်ဦးမှာ ပုသိမ်မြို့ အမှတ် (၅)ရပ်ကွက်တွင် နေထိုင်သော မကြင်ရွှေ (၂၃)နှစ်နှင့် ပုသိမ်မြို့ အမှတ် (၆)ရပ်ကွက်တွင် နေထိုင်သော ကိုအောင်ထွန်းလင်း (၂၅)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူနှစ်ဦးတွင် မကြင်ရွှေ၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၉ ရက် ည ၆ နာရီ မိနစ် ၅၀ တွင် ဆယ်ယူနိုင်ခဲ့ပြီး ကိုအောင်ထွန်းလင်း၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၀ ရက် နံနက် ၆ နာရီခွဲတွင် ချစ်သူများကျွန်းအနီးရှိ သောင်ပြင်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ငွေဆောင်နယ်မြေရဲစခန်းမှ အမှုဖွင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ငွေဆောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)