၂၀ ဒီဇင်ဘာ

 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နေတန်ညာဟုက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံမှု စနေနေ့က ခံယူပြီး နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို စတင်လိုက်ပါတယ်။

 

အသက် ၇၁ နှစ်အရွယ် ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးတို့က Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကွယ်ဆေးအား ရှာဘတ်ဆေးပညာဌာနမှာ ထိုးနှံခံယူနေပုံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပါတယ်။

 

ဝန်ကြီးချုပ်က သူနဲ့ ကျန်းမာရေးဝန်ကြီးတို့ဟာ ကာကွယ်ဆေးကို နမူနာအနေနဲ့ ထိုးနှံခံယူကြောင်း၊ နိုင်ငံသားတွေအား ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းကြောင်း ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။

 

နိုင်ငံတွင်းမှာ ကာကွယ်ဆေးထိုးနှံပေးမယ့် ဆေးရုံဆေးပေးခန်း ၁၀ ကနေ ကျန်းမာရေးဝန်ထမ်းတွေအား ဒီနေ့ (တနင်္ဂနွေနေ့) ကစပြီး ကာကွယ်ဆေးထိုးပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ပြောပါတယ်။ အဲဒီနောက်မှာတော့ ပြည်သူတွေထဲက အသက် ၆၀ ကျော်တွေကို ထိုးနှံပေးမယ်လို့ ဆိုပါတယ်။

 

ဝန်ကြီးချုပ်ဟာ Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ နိုင်ငံကို ပြီးခဲ့တဲ့ ၁၀ ရက်က စတင်ရောက်ရှိတဲ့အတွက် လက်ခံရယူတဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ပထမအကြိမ်အနေနဲ့ ကာကွယ်ဆေး အလုံးရေ ၈ သန်းကို ရရှိပြီးကြောင်းနဲ့ ကာကွယ်ဆေးတွေဟာ အပူချိန် (-၇၀°C) အောက်မှာ ထားရှိဖို့လိုအပ်ကြောင်း သိရပါတယ်။

 

အမေရိကန်ဒုသမ္မတ မိုက်ပန့်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို ပြီးခဲ့သောကြာနေ့က ထိုးနှံခံယူခဲ့ပြီး ထိုးနှံခံယူနေပုံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြသခဲ့ပါတယ်။

 

ရွေးကောက်ခံသမ္မတ ဘိုင်ဒန်က လာမယ့်တနင်္လာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကာကွယ်ဆေးထိုးနှံမယ်လို့ သိရပါတယ်။ 

 

လူဦးရေ ၉ သန်းနီးပါးနေထိုင်တဲ့ အစ္စရေးနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၃၇၀,၀၀၀ ဦးရှိပြီး သေဆုံးသူ ၃,၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား - AFP