ငွေဆောင်၊ ၂၀ ဒီဇင်ဘာ
ဧရာဝတီ တိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအနီး ပင်လယ်ပြင်တွင် ယနေ့နံနက် ၄ နာရီခွဲ အချိန်က ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငွေဆောင်မြို့ ၊ သဇင်ကျေးရွာအုပ်စုနေ မီးဝိုင်းပိုက်ပိုင်ရှင် ဦးအုန်းသိန်း(ခ)ကိုနီတာနှင့် ဝိုင်းပိုက်လုပ်သား(၁၉)ဦးသည် အလျားပေ ၆ဝ ၊အနံ ၁၀ ပေ ၊ စောက် ၄ ပေခွဲ သစ်သားကိုယ်ထည် ငါးဖမ်းစက်လှေဖြင့် ဒီဇင်ဘာ ၁၉ ရက် ညနေ ၃ နာရီချိန်တွင် ငါးဖမ်းရန် ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့ရာ နံနက် ၄ နာရီခွဲချိန်တွင် သဇင်ကျေးရွာ အငူစွန်းမှ အနောက်ဘက်ပင်လယ်ပြင် ရေမိုင် ၅ မိုင်ကျော်သို့ ရောက်ရှိပြီး ကျောက်ချရပ်နားနေစဉ် လှိုင်း ၃ ခါပုတ်၍ စက်နှိုးမရဖြစ်ကာ ရေဝင်ပြီး တိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
အနီးနားရှိ စက်လှေမှလုပ်သားများ ဝိုင်းဝန်းကယ်တင်ခဲ့ရာ ၁၉ ဦးအား ကယ်တင်နိုင်ခဲ့ပြီး မောင်ရဲဝင်းအောင်သည် ပင်လယ်ပြင်တွင် ပျောက်ဆုံးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံရှာဖွေနေကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)


