ရန်ကုန်၊  ၂၀  ဒီဇင်ဘာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက UMFCCI မင်္ဂလာခန်းမတွင်  Virtual Meeting  စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်ဗီဒီယိုမိန့်ခွန်းကို သီးခြားဖော်ပြထားပါသည်။)

 

ထို့နောက် အစည်းအဝေး သဘာပတိ၊ ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်  (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းသည် မိမိတို့၏ အနာဂါတ်ကာလ၊ ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက် အလွန် အရေးပါပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအားလုံး၊ အမျိုးသမီးဦးဆောင်သည့် လုပ်ငန်းများအပါအဝင် ပြည်တွင်းရှိ သေး၊ ငယ်၊ လတ် အရွယ်အစားအမျိုးမျိုး ဆက်လက်ရှင်သန် လုပ်ကိုင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့အတွက် ကြီးမားသော ခွန်အားတစ်ရပ် ဖြစ်စေပါကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအကြား (Public-Private Cooperation) အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ခိုင်မာအောင် တည်ဆောက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များ အကျိုးကိုရှေးရှုလျက် မိမိတို့ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် လက်တွဲညီညီ ပူးပေါင်း၍  ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့ လူချင်းတွေ့ဆုံပြီး လုပ်ကိုင်သွားလာ ဆက်ဆံရေး အကန့်အသတ် ရှိနေသည့်ကာလတွင် ရှင်သန်မှုယန္တရား အဆက်မပြတ် လည်ပတ်နေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှာရှိသည့်အတိုင်း Digital ဆက်သွယ်မှု၊ ဆက်ဆံမှုတစ်ခု အသေအချာ လိုအပ်နေသည့်အတွက် နိုင်ငံတော်ကဦးစီး၍ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို အောင်မြင်အောင် မိမိတို့ဘက်မှ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားမည်ကိုလည်း အသိပေးလိုပါကြောင်း။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံ RCEP ဝင်ရောက်မှုအတွက် နိုင်ငံ့စီးပွားရေး အဓိကမောင်းနှင်အား ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည်ဆိုသည့် ယုံကြည်မှုကို အလေးထားသည့်အနေဖြင့် စာချုပ်ပါ အခွင့်အရေးကိုပြည်သူအများ လက်တွေ့ခံစားရအောင်မိမိတို့ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

အသင်းချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားနေသည့် အတွက် အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့် အချိန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည် နိုးကြွ ရှင်သန်ရပ်တည်နိုင်ရန် နိုင်ငံတော်အစိုးရ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးရေး ကုသရေးလုပ်ငန်း ကော်မတီ၊ စီးပွားရေးသက်ရောက်မှု ကုစားရေးကော်မတီတို့နှင့်အတူ တက်ကြွစွာလက်တွဲ ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း။

 

နိုင်ငံတော်အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအပေါ် ကုစားရေးကော်မတီ ဖွဲ့စည်းပြီး ထိခိုက်မှုများ ကာကွယ်ဖြေလျော့သက်သာစေရန် ငွေကျပ် ဘီလီယံ ၃၀၀၀ နီးပါး စုစုပေါင်း GDP ၄ ရာခိုင်နှုန်းခန့် ကျခံသုံးစွဲပေးခြင်း၊ စီးပွားရေးမူဝါဒ လုပ်ထုံးလုပ်နည်း ဖြေလျော့ပေးခြင်း၊ ဘဏ်အတိုးနှုန်း လျော့ချပေးခြင်း၊ အခွန်အခများ လျော့ပေးခြင်းနှင့် ဆိုင်းငံ့ကာလခွင့်ပြုခြင်း စသည့်ကူညီပံ့ပိုးမှုများကြောင့် စီးပွားရေးလုပ်ငန်းအချို့ အထိုက်အလျောက် ပြေလည်ခဲ့ကြပါကြောင်း။

 

ထို့ပြင် COVID ကာလ နှင့် COVID အလွန်ကာလများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လုပ်ကိုင်လာစေရန်နှင့် လုပ်ငန်းသစ်များ ဖန်တီးဖော်ဆောင်နိုင်ရန် CERP နှင့် MERRP အစီအမံများ ချမှတ်အကောင်အထည်ဖော်ပေးမည့် အစီအစဉ်များကို အသင်းချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များက ကျေးဇူးတင် ကြိုဆိုပါကြောင်း၊ လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ညှိနှိုင်းကူညီပေးရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

 

mdn

 

 

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နာယက ဦးသောင်းထွန်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိအောင် နိုင်ငံတော် အနေဖြင့် ကုစားရေးလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်ခံရသောလုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေ ငွေကျပ် ဘီလီယံ ၂၀၀ မတည်၍ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ လုပ်ငန်းပေါင်း ၆,၃၃၃ ခုသို့ ချေးငွေ ငွေကျပ် ၁၆၆ ဒသမ ၅၉၆၃ ဘီလီယံထုတ်ချေးပေးပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ချေးငွေထုတ်ပေးရေးကို စိစစ်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် UMFCCI က တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးနေသည့်အတွက် မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း။

 

ယနေ့အစည်းအဝေးတွင် အချက် ၂ ချက်ကို အဓိကထား ပြောကြားလိုပါကြောင်း၊ COVID-19 ကပ်ရောဂါကာလနှင့် နောက်ပိုင်းကာလများတွင် မြန်မာ့စီးပွားရေး နလန်ထူနိုင်ရုံသာမက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အစိုးရနှင့်ပုဂ္ဂလိက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် အချက်တို့ဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိခဲ့သော်လည်း မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံနီးပါး ရရှိခဲ့ပါကြောင်း၊ လာမည့်နှစ်တွင်လည်း စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စက်မှုဇုန် စသည့်ကဏ္ဍများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်မည့် အလားအလာကောင်းများရှိနေသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်လာသည်နှင့်အမျှ ရေမြင့်လျှင်ကြာတင့်ဆိုသကဲ့သို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက်လည်း အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း။

 

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန်အတွက် လုပ်သာကိုင်သာရှိသော စီးပွားရေး ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ထိုသို့ ဖန်တီးပေးရာတွင်  စက်မှုဇုန်၊ ဆိပ်ကမ်း၊ လမ်းနှင့် တံတား စသည်တို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်မှုရရှိနေပြီး သာဓကကောင်းအနေဖြင့် တွေ့မြင်နိုင်ပါကြောင်း၊ အလားတူ စီမံကိန်းများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ပထမဆုံးစီမံကိန်းအဖြစ် Korea-Myanmar Industrial Complex (KMIC) ကို ဒီဇင်ဘာ ၂၄ ရက်တွင် စတင် တည်ဆောက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City ၊ မြန်မာနှင့်စင်ကာပူတို့ ဖက်စပ် ဆောင်ရွက်မည့် Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများ ကုန်ကျစရိတ် သက်သာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် လျှောက်ထားသူများအတွက် ဝန်ဆောင်စရိတ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်၍ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း (၁၅) နိုင်ငံပါဝင်သော ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် (RCEP) တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ RCEP သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်ပါကြောင်း၊ စာချုပ်ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မထိခိုက်စေရေး အတွက်လည်း RCEP သဘောတူစာချုပ်ကို ညှိနှိုင်းဆွေးနွေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က အထူးဂရုပြု ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေးကာလကို ၃ နှစ်မှ ၁၅ နှစ်အထိ အထူးအခွင့်အရေး Special and Differential Treatment ကို ခံစားခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ၏လူမှုစီးပွားဘဝ တိုးမြင့်လာစေမည်ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ဘဏ်က ယခင်အပတ် သတင်းထုတ်ပြန်ချက်တွင် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီး၌ စီးပွားရေး ထိခိုက်မှုရှိနေသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အခြေအနေကောင်းတစ်ခုကို ထိန်းထားနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး တဖြည်းဖြည်း ပြန်လည်နလန်ထူနိုင်မည်ဖြစ်ကြောင်းကို ဖော်ပြထားပါကြောင်း၊ ADB ၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ၆ ရာခိုင်နှုန်းရရှိမည်ဟု ထုတ်ပြန်ထားပါကြောင်း။

 

COVID-19 ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဉီးမော့လာပြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုနိုင်မည့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးရာတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ ၂၉ နှစ်မြောက် နှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာအထိ ပြည်သူလူထု၏ လူမှုစီးပွား အကျိုးနှစ်ဖြာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆထက်ထမ်းပိုး ဆက်လက်ပံ့ပိုးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် နာယက ဒေါက်တာသန်းမြင့်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ UMFCCI အပါအဝင် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တင်ပြချက်များ၊ အကြံပြုချက်များကို အလေးထားထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်သင့်သည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ပစ္စည်းများ ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Focal Ministry ဖြစ်သကဲ့သို့ UMFCCI သည် Private Sector ကို ကိုယ်စားပြု အဖွဲ့အစည်းဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။ ပုဂ္ဂလိကကဏ္ဍ၏ အခက်အခဲများ၊ စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

Ease of Doing Business အနေဖြင့် Private Sector နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရလဒ်ကောင်းတစ်ခု ရရှိခဲ့ပါကြောင်း၊ Ranking ကောင်းရန် တစ်ခုတည်း ဦးတည်ဆောင်ရွက်ခဲ့ရခြင်းမျိုး မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

e-Commerce Guideline အမြန်ဆုံးထွက်ရှိရန် ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

 

COVID-19 ကာလအတွင်း ပြည်တွင်းကုန်စည်စီးဆင်းမှု မှန်ကန်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် UMFCCI အပါအဝင် ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း။ အခြေခံလူတန်းစား မိသားစု များအား အခြေခံရိက္ခာ ဖြန့်ချိရာတွင် အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ ပူးပေါင်းကူညီမှုကြောင့် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် Online စနစ်များ အသုံးပြု၍ ဝန်ဆောင်မှုပေးခြင်းကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ပြီး ကုန်သည်လုပ်ငန်းရှင်များ လုပ်ငန်းများ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရေး အတွက် Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ပို့ကုန်လိုင်စင် လျှောက်ထားခြင်းနှင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းတို့ကို Online မှတစ်ဆင့် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။

 

mdn

 

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် ဒီမိုကရေစီစနစ်ကို ထူထောင်နေသကဲ့သို့ တစ်ဖက်တွင်လည်း စျေးကွက်စီးပွားရေးစနစ်ကို ထူထောင်နေပါကြောင်း၊ စျေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အောင်မြင်ရှင်သန်လာနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းချုပ်ကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို မောင်းနှင်အားသဖွယ် ဆောင်ရွက်နေသည့်အတွက် အသင်းချုပ်ကြီးကို ကျေးဇူးတင်ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ စီးပွားရေး အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနိုင်ရန် ဖြတ်သန်းနေရသည့် အချိန်ကာလ တစ်ခုဖြစ်ပါကြောင်း။

 

ယခုလိုကြိုးပမ်းရာတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့်ပြည်သူလူထု တစ်ရပ်လုံးကပါ ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မှုကို ရရှိမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကုန်သည်ကြီးများအသင်းချုပ်နှင့် ကိုဗစ်-၁၉ ကပ်ဘေးကြီး ဆိုက်ရောက်သည့်အချိန် ကာလအတွင်း ပိုမိုသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ၏ ကန့်သက်ချက်များ၊ ကွင်းဆက်များကို ဖြတ်တောက်နိုင်ရန်၊ ရပ်တန့်ရန် ဆောင်ရွက်ရပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေး မကူးစက်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ရပါကြောင်း၊ ယခုလိုကြိုပမ်းဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များသည် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ်   ဦးအေးဝင်းက  နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကိုလည်းကောင်း၊ ဦးဝင်းဗလမင်းက ပြင်ပစာရင်းစစ်ဖြစ်သည့် ဝင်းသင်နှင့် အဖွဲ့စာရင်းစစ်များ၏ စာရင်းစစ်အစီရင်ခံစာကို လည်းကောင်း ဖတ်ကြားတင်ပြကြသည်။

  

ထို့နောက် ကြိုတင်ပေးပို့ထားသည့် မေးခွန်းနှင့် အကြံပြုချက်များကို ဖြေကြားခြင်း၊ UMFCCI အလုပ်အမှုဆောင်များက  နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းတို့ကို အစီအစဉ်တိုင်း ဆက်လက်ကျင်းပသည်။      

 

ယင်းနောက် သဘာပတိ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် စီးပွားရေးသံမှူးများ၊ ပြည်တွင်းပြည်ပရှိ စီးပွားရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းချုပ် နာယကများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းသူ အသင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ အမှုဆောင်အဖွဲ့သစ် သည် ၂၀၁၉-၂၀၂၀ ခုနှစ်၊ ပထမနှစ် သက်တမ်းကာလ၊ COVID-19 ကပ်ရောဂါ အခက်အခဲကာလများတွင် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အသင်းချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားရေး လုပ်ငန်းရှင်များအတွက် Strategic Action Plan နှင့် Business Agenda (၁၂) ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်