ပါရီ ၂၁ ဒီဇင်ဘာ
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ကိုဗစ် -၁၉ ကူးစက်ခံရ ပြီးနောက် သီးခြားနေထိုင်ခဲ့ရာ သုံးရက်မြောက် ရှိလာပြီဖြစ်ပြီး အခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် ၎င်း၏ ဆရာဝန်က ပြောကြားခဲ့သည်။
ကိုဗစ် -၁၉ ရောဂါလက္ခဏာများ ဖြစ်သည့် ချောင်းဆိုးခြင်း၊ ပင်ပန်းခြင်းနှင့် ကိုက်ခဲခြင်းလက္ခဏာများကိုမူ ခံစားရဆဲဖြစ်သည်ဟု သိရသည်။ သို့သော်လည်း တာဝန်များကို ဆက်လက် ထမ်းဆောင်ဆဲဖြစ်သည်ဟု ဒေါက်တာ ခရစ်စတိုဖီ ပယ်ရော့ချွန် က သတင်းထုတ်ပြန်ခဲ့သည်။ သမ္မတ မက်ခရွန်က ၎င်း၏ ရောဂါအခြေအနေနှင့် ပတ်သက်ပြီး နေ့စဉ်တင်ပြသွားရန် ဒီဇင်ဘာ ၁၉ ရက်က ကတိပြုခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်တွင်လည်း စလိုဗက်ကီးယားဝန်ကြီးချုပ် အီဂေါမာတိုဗစ်တွင် ကိုဗစ် -၁၉ ကူးစက်ခံရကြောင်း ကြေညာခဲ့သည်။ ၎င်းသည်လည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း က ဥရောပကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သူဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများမှာ များပြားနေပြီး ကိုဗစ်-၁၉ ကူးစက်မှုမှာ ပြန်လည် ခေါင်းထောင်လာပြီဖြစ်သည့်အတွက် ပြည်သူများ အထူးဂရုစိုက်ကြရန် ပြင်သစ်သမ္မတက ဒီဇင်ဘာ ၁၈ ရက်တွင် သတိပေး ပြောကြားခဲ့သည်။
နယူးယောက်တိုင်းမ်