၂၁  ဒီဇင်ဘာ

ပရီမီယာလိဂ် ပွဲစဉ် (၁၄) မှ လက်ကျန်နှစ်ပွဲဖြစ်သည့် ဘန်လေနှင့် ဝုဖ်၊ ချယ်ဆီးနှင့် ဝက်စ်ဟမ်းအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ပရီမီယာလိဂ် အမှတ်ပေးဇယားကို လီဗာပူးအသင်းက ၁၄ ပွဲ ကစားအပြီး ရမှတ် ၃၁ မှတ်ဖြင့် ဦးဆောင်လျက်ရှိသည်။

ဘန်လေအသင်းနှင့် ဝုဖ်အသင်းတို့ပွဲစဉ်ကို အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ဘန်လေအိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဘန်လေအသင်းသည် ပရီမီယာလိဂ် ၁၂ ပွဲကစားပြီး ရမှတ် ၁၀ မှတ်သာ ရရှိထားသည်။ ၎င်းနှင့် ယှဉ်ပြိုင်ကစားမည့် ဝုဖ်အသင်းက ၁၃ ပွဲကစားပြီး ရမှတ် ၂၀ အထိ စုဆောင်းထားနိုင် သည်။ ဘန်လေအသင်းသည် နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ် (၁၃) တွင် အက်စ်တွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားပြီး ဂိုးမရှိသရေကျထားသည်။ ဝုဖ်အသင်းက ပွဲစဉ် (၁၃) တွင် နာမည်ကြီး ချယ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် ချယ်ဆီးအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ သို့သော်လည်း ဘန်လေအသင်းနှင့် ဝုဖ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ရှစ်ကြိမ်တွင် ဘန်လေအသင်းက အသာရထားသည်ကို တွေ့ရသည်။

အဆိုပါ ရှစ်ကြိမ်တွင် ဘန်လေအသင်းက သုံးကြိမ်အနိုင်ရရှိပြီး လေးကြိမ်အထိ သရေကျထားကာ ဝုဖ်အသင်းက တစ်ကြိမ်ပြန်လည် အနိုင်ရရှိထားသည်။

အင်္ဂါနေ့နံနက် ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည့် ချယ်ဆီးနှင့်ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်သည် ပွဲကြီးပွဲကောင်းအသွင် မြင်တွေ့ရဖွယ်ရှိနေသည်။ ချယ်ဆီးအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် အဲဗာတန်၊ ဝုဖ်အသင်းတို့နှင့် ပွဲစဉ်တွင် ရှုံးနိမ့်ထားသည့်အတွက် ယခုပွဲစဉ်ကို အနိုင်ရရှိရန် နည်းပြလမ်းပတ် ၊ ပြင်ဆင်လာဖွယ် ရှိသည်။ ဝက်စ်ဟမ်းအသင်းက နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပဲလေ့စ်အသင်းနှင့်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျထားသည်။ ချယ်ဆီးအသင်းသည် ပရီမီယာလိဂ် ၁၃ ပွဲတွင် ရမှတ် ၂၂မှတ် စုဆောင်းထားနိုင်ပြီး ဝက်စ်ဟမ်းအသင်းက ၁၃ ပွဲတွင် ၂၁ မှတ်အထိ စုဆောင်းထားနိုင်သည့်အတွက် အဆိုပါနှစ်သင်း၏ ရမှတ်ကွာဟမှုမှာ တစ်မှတ်သာရှိနေသည်။ ယခု ပွဲစဉ်ကို ချယ်ဆီးအသင်းမှ အိုဒွိုင်းနှင့် ဇီယက်တို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ်မရှိကြောင်း သိရသည်။ ဝက်စ်ဟမ်းအသင်းတွင်လည်း အာသာမက်ဆာကူ၊ ဘိုဝင်တို့ ပါဝင်လာနိုင်ဖွယ်မရှိကြောင်း သိရသည်။

ချယ်ဆီးအသင်းသည် ယခုနှစ်ရာသီတွင် ဇီယက်၊ ဝါနာ၊ ကိုင်ဟာဗက်၊ ဘင်ချီဝဲလ်စသည့် ကစားသမားများအတွက် ငွေကြေးမြောက်မြားစွာသုံးစွဲပြီး အသင်းကိုပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ထားသော်လည်း အသင်းရလဒ် ပိုင်းတွင် အားရစရာမရှိဘဲ ဦးဆောင်သူ လီဗာပူးအသင်းနှင့် ကိုးမှတ်အထိ ကွာဟနေသည်။ ထို့ကြောင့် ချယ်ဆီးအသင်းအနေဖြင့် ဦးဆောင်သူ လီဗာပူးအသင်းနှင့် ရမှတ်ကွာဟမှုကို လျှော့ချနိုင်ရန်အတွက် ယခုဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်ကို မဖြစ်မနေအနိုင်ရရှိရန် လိုအပ်နေသည်။ တစ်ဖန် ဒေးဗစ်မိုယက်စ်၏ ဝက်စ်ဟမ်းအသင်းကလည်း ယခုနှစ်ပရီမီယာလိဂ်တွင် ခြေစွမ်းပြသထားနိုင်သည့် အသင်းဖြစ်ကာ ပရီမီယာလိဂ်၌ ယှဉ်ပြိုင်ကစားခဲ့သည့် နောက်ဆုံးငါးပွဲတွင် မန်ယူအသင်းကိုသာ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် ပြိုင်ဘက် ချယ်ဆီးအသင်းနှင့်ရမှတ်တစ်မှတ်သာကွာဟနေသည့်အတွက် ဝက်စ်ဟမ်းအသင်းအနေဖြင့် ယခုပွဲစဉ်တွင် ချယ်ဆီးအသင်းကိုအနိုင်ယူကာ အမှတ်ပေး ဇယားအထက်ပိုင်းသို့ တက်လှမ်းသွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

ချယ်ဆီးအသင်းသည် ယခုပွဲစဉ်ကို မန်ဒီ၊ ဂျိမ်းစ်၊ ဇူးမား၊ ဆီးလ်ဗား၊ ချီဝဲလ်၊ ကိုဗာဆစ်၊ ကန်တီ၊ မောင့်၊ ပူလီဆစ်၊ ဂျီရုဒ်နှင့် ဝါနာတို့ကိုအသုံးပြုကာ ပွဲထွက် လာဖွယ်ရှိနေသည်။ ဝက်စ်ဟမ်းအသင်းက ဖေဘီယန်စကီး၊ ဖယ်လ်၊ ဒီအော့ဖ်၊ အော့ဘွန်နာ၊ ခရက်စ်ဝဲလ်၊ ရိုက်စ်၊ ဆော့ဆက်ခ်၊ စနော့ဒ်ဂရက်စ်၊ ဘင်ရာမာ၊ မော်နေးလ်နှင့် ဟယ်လာတို့ကိုအသုံးပြုကာ ပွဲထွက်လာဖွယ် ရှိနေသည်။

ချယ်ဆီးအသင်းသည် ယခုဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်ပြီးလျှင် ဒီဇင်ဘာ ၂၇ ရက်၌ အာဆင်နယ်အိမ်ကွင်းသို့ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဝက်စ်ဟမ်းအသင်းက ယခုပွဲစဉ်ပြီးလျှင် ဘရိုက်တန်အသင်းကို လက်ခံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်