ကမ်ပါလာ ၂၁ ဒီဇင်ဘာ
ယူဂန္ဓာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်-၂ အာလီကီရွန်ဒါကီဗယ် ဂျင်ဂျာသည် ကိုဗစ်-၁၉ ရောဂါဖြင့် မြို့တော် ကမ်ပါလာရှိ ဆေးရုံ တစ်ရုံ၌ ကွယ်လွန်သွားကြောင်း ယူဂန္ဓာသမ္မတယိုဝေရီမူစီ ဗယ်နီက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
မြို့တော်ကမ်ပါလာရှိ မူလာဂိုအမျိုးသားဆေးရုံ အထူးကြပ်မတ်ကုသဌာန၌ ဆေးရုံတင်ခြင်းခံရသော ဒုတိယဝန်ကြီး ချုပ်-၂ ကီဗယ်ဂျင်ဂျာသည် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန် သွားကြောင်း သမ္မတမူစီဗယ်နီက နိုင်ငံ၏ အနောက်ပိုင်း ဟိံင်မာမြို့၌ ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးပွဲ တွင် မိန့်ခွန်းတစ်ရပ် ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်-၂ ကီဗယ်ဂျင်ဂျာသေဆုံးမှုနှင့် ပတ်သက်၍ အလွန်ပင်ဝမ်းနည်းမိကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် လူ့အသက်ပေါင်းများစွာကိုဆုံးရှုံးစေခဲ့သည်ဟုမိမိကပြည်သူများအား ပြောကြားခဲ့သော်လည်း ပြည်သူများအနေဖြင့် အလေး အနက်မထားခဲ့ကြကြောင်း မူဆယ်ဗယ်နီက ပြောကြားသည်။
ထို့အပြင် ယူဂန္ဓာနိုင်ငံ၏ ဥပဒေပြု အမျိုးသမီးလွှတ်တော် အမတ်များဖြစ်ကြသည့် ရိုဘီနာအက်စ်ဆင်တိုဂိုနှင့် ဖရက် မူဘန်ဒါကာဆီတို့သည်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သမ္မတက ထပ်မံပြောကြားသည်။
တစ်ချိန်တည်းမှာပင် ယူဂန္ဓာဝန်ကြီးချုပ် ရူဟာကာနာရူဂူဒါ က ဒုတိယဝန်ကြီးချုပ်-၂ သေဆုံးမှုသည် ယူဂန္ဓာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။
ယူဂန္ဓာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ချိန် ယခုနှစ် မတ် ၂၁ ရက်မှစ၍ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၃၀၇၀၂ ဦးရှိပြီး ၎င်းတို့အနက် ၂၃၀ သည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၀၃၆၀ သည် ရောဂါမှ ပြန်လည် ကျန်းမာသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များအရ သိရသည်။
ဘာသာပြန် - ဂျေတီ
ကိုးကား - ဆင်ဟွာ၊