ကျောက်မဲ ၂၁ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နားပြိန်းကျေးရွာအုပ်စု၊ နားပုံကျေးရွာတွင် ဒီဇင်ဘာ ၂၀ ရက်မှစ၍ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။

 

နားပုံကျေးရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၀၇ ဒသမ ၈ သန်းဖြင့် ထွန်းနှင့်သန်း ကုမ္ပဏီလီမိတက်မှ တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၁ ကေဗွီ ACSR ဓာတ်အားလိုင်း ၁ ဒသမ ၄ မိုင်၊ ၁၁/ဝ ဒသမ ၄ ကေဗွီ (၁၀ဝ)ခွဲရုံ  ၁ ရုံ၊ ၄၀ဝ ဗို့ AAC ဓာတ်အားလိုင်း ၁ ဒသမ ၂ မိုင်တို့ကို တည်ဆောက်ပေးခဲ့သည်။

 

နားပုံကျေးရွာသည် အိမ်ခြေ ၁၀၅ အိမ်ရှိပြီး ကျေးရွာသို့ လျှပ်စစ်မီး စတင်ထုတ်လွှတ်ပေးပြီ ဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရေး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသောင်းလွင်ဦးနှင့် ဝန်ထမ်းများက ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပညာ ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို နားပုံကျေးရွာ အ.မ.က ကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်တွင် (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ မပါ) ကျေးရွာအုပ်စု ၄၁ အုပ်စု၊ ကျေးရွာပေါင်း ၂၁၄ ရွာရှိသည့်အနက် ကျေးရွာ ၇၄ ရွာသည် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်မီးရရှိပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသောင်းလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)