ဗန်းမော် ၊ ၂၁ ဒီဇင်ဘာ
ဗန်းမော်ခရိုင်၊ နတ်ခုတ် - ဗူးတောင်း - ကျောက်အိုက် - နောင်မို ကျေးရွာချင်းဆက်လမ်းပေါ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတား (၂)စင်း တည်ဆောက် လျက်ရှိပြီး ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် နတ်ခုတ်ကျေးရွာ၊ ဆင်စွယ်ချောင်းနှင့် ဗူးတောင်ကျေးရွာအနီး ကံကော်ချောင်းတွင် တည်ဆောက်နေသည့် သံကူကွန်ကရစ်တံတား အရှည်ပေ (၄၀) အကျယ် (၁၄)ရှိ တံတား (၂)စင်း တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တံတားတာဝန်ခံများအား လိုအပ်သည်များ မှာကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ အဆိုပါ တံတား (၂)စင်း ဆောက်လုပ်ပြီးစီးပါက ကျေးရွာပေါင်း (၁၈)ရွာ၊ အိမ်ထောင်စုပေါင်း (၁၆၉၄)စုတို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
ယော်ဆောင်(ပြန်/ဆက်)


