ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်၌ နိုင်ငံတကာ ခေတ်မီဖူဆယ်အားရုံကို တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
"ကျွန်မတို့ ဖူဆယ်အားကစားရုံကို ၂၀၁၉ စက်တင်ဘာက စတင်တည်ဆောက်တာပါ။ အားကစားရုံ ပြီးသွားရင် ကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းသာမက နိုင်ငံတကာကို သွားရောက် ယှဉ်ပြိုင်နိုင်မယ့် ကစားသမားများ ထွက်ပေါ်လာမှာဖြစ်ပါတယ်" ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြောပြသည်။
အဆိုပါ နိုင်ငံတကာခေတ်မီဖူဆယ်အားကစားရုံသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်းတွင် တည်ရှိပြီး အလျား ၂၄၉ ပေ၊ အနံ ပေ ၁၉၀၊ အမြင့် ၅၇ ပေရှိကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ခွဲဝေရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်က ဖူဆယ်အားကစားနည်းကို ထည့်သွင်းထားကြောင်း သိရသည်။
အာကာစိုး


