ရန်ကုန် ၊ ၂၁ ဒီဇင်ဘာ

 

ရန်ကုန်မြို့ရှိ ပန်းခြံများအားလုံးကို ဒီဇင်ဘာ ၂၀ ရက်မှ ၃၁ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးသည့် ဗီနိုင်းဆိုင်းဘုတ်များကို ဒီဇင်ဘာ ၂၀ ရက်ကစတင်၍ ပန်းခြံအဝင်အဝများတွင် ချိတ်ဆွဲ ကြေညာထားသည်ကို တွေ့ရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်ဌာန ဌာနမှူး ဦးကိုကိုလင်းက “ကိုဗစ်ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက်ပါ။ ရန်ကုန်မှာရှိတဲ့ ပန်းခြံ ၆၁ ခုလုံးမှာ ယာယီပိတ်ထားမယ်ဆိုတဲ့ အသိပေးကြေညာချက် ဗီနိုင်းတွေ လိုက်ကပ်ထားပြီးပါပြီ ဟု ဆိုထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှလည်း ဒီဇင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ စုဝေးတတ်သော နေရာများကို ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ခေတ္တပိတ်ထားရန် အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

 

၎င်းရက်များမတိုင်မီ ဒီဇင်ဘာလဆန်းပိုင်းက လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံတွင် လာရောက်သူများ၊ ဈေးရောင်းချနေသူများဖြင့် စည်ကားနေပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှာစိုးရိမ်ရကြောင်း ဖော်ပြလာမှုကြောင့် ဒီဇင်ဘာ ၇ ရက်မှစတင်၍ မဟာဗန္ဓုလပန်းခြံကို စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်ဌာနက ယာယီပိတ်ပေးထားခဲ့သည်။

 

ထို့ပြင် ကန်တော်ကြီးနှင့် အင်းလျားကန်ပေါင်တို့တွင်လည်း ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များက နံနက်ခင်းလမ်းလျှောက်သူများဖြင့် စည်ကားများပြားနေမှုပုံကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထပ်မံဖော်ပြလာမှုကို တွေ့ရှိလာရသည်။

 

သို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာမည့် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ရှည်များအတွင်း လူစုလူဝေးဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး အတွက် ပြည်သူ့ဥယျာဉ်အပါအဝင် ပန်းခြံများအားလုံးနှင့် အားကစားကွင်းများ၊ အင်းလျားကန်ပေါင်၊ တိရစ္ဆာန်ရုံ စသည်များကို ဒီဇင်ဘာ ၂၀ ရက်မှ ၃၁ ရက်အထိ ယာယီပိတ်ထားလိုက်ခြင်း ဖြစ်သည်။

 

တင်ဝင်းလေး(ကြည့်မြင်တိုင်)