ဖယ်ခုံ၊ ၂၁ ဒီဇင်ဘာ
တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်နှင့် VDP စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပီတယ်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေးနှင့် တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်တို့က အမှာစကားပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက မြစိမ်းရောင် စီမံကိန်းကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကျေးရွာများ ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်းရရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာ နှစ်ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ၁၈ ယူနစ်တို့ကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာ၀န်ရှိသူများတို့က ဦးစားပေးအဆင့်အလိုက် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ဖယ်ခုံမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၄၁ ယူနစ် (ကျေးရွာ ၆၀ ရွာ) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ၃၉ ယူနစ် (ကျေးရွာ ၄၄ ရွာ) တို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာ နှစ်ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ၁၈ ယူနစ် ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မောင်မောင်ထွေး(ပြန်/ဆက်)


